မာရှယ်၊ အန်တိုနီ၊ မောင့်၊ ဂါနာချို၊ ဟွိုင်လန်း၊ ဆန်ချို တို့ထက်တောင် သာ အောင် လုပ်ပြထားတဲ့ မန်ယူနောက်ခံလူ လင်ဒီလော့ဖ်

ဝါရင့် နောက်ခံလူ လင်ဒီလော့ဖ်ဟာ လူတန်နဲ့ပွဲမှာ မန်ယူ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်နိုင်ပွဲ ဆက်အောင် ကူညီပေးခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် လင်ဒီလော့ဖ် ဟာ မန်ယူ အသင်း တိုက်စစ် ကြယ်ပွင့်တွေထက်တောင် သာသွားပြီ ဖြစ်ပါတယ်။

လူတန်နဲ့ပွဲမှာ လင်ဒီလော့ဖ်ရဲ့ ဘောလုံးထိချက်က ၁၁၇ ကြိမ်အထိရှိခဲ့ပြီး တိကျတဲ့ဘောလုံးပေးပို့မှု ၉၄ %၊ လေထဲမှာ ခေါင်းတိုက်မှု အသာ ရတာ ၃ ကြိမ်၊ ဘောလုံးရှင်းထုတ်မှု ၃ ကြိမ်၊ တိကျတဲ့အမြင့်ဘောပေးပို့မှု ၂ ကြိမ်နဲ့ ၁ ဂိုး သွင်းယူ ခဲ့ပါတယ်။

ဒီဂိုးကလည်း လင်ဒီလော့ဖ်အတွက် ၂၀၂၀၊ ဒီဇင်ဘာလအတွင်း လိဒ်စ်ကို ၆-၂ ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်းပြီးနောက်ပိုင်း ၃ နှစ်နီးပါးအကြာမှ ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်သလို ယူနိုက်တက် ကစားသမားဘ၀ ၂၄၆ ပွဲမြောက်မှာ သွင်းဂိုး ၄ ဂိုးရှိလာပြီဖြစ်ပါတယ်။

အခုဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ လင်ဒီလော့ဖ်ရဲ့သွင်းဂိုးက ယူနိုက်တက်တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ အန်တိုနီ၊ မေဆင်မောင့်၊ မာရှယ်လ်၊ ဂါနာချို၊ ဟွိုင်လန်း၊ ဆန်ချိုတို့ အားလုံးထက်တောင် ပိုများနေပြီလည်း ဖြစ်နေပါတယ်။

ယူနိုက်တက် တိုက်စစ်ကစားသမားတွေထဲမှာ ရပ်ရှ်ဖို့ဒ်တစ်ဦးတည်းသာ အာဆင်နယ်နဲ့ပွဲတုန်းက ပရီးမီးယားလိဂ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ သွင်းဂိုး မရှိ၊ ဂိုးဖန်တီးမှုမရှိသေးပါဘူး။

ဒီရာသီမှ ယူနိုက်တက်ကို ပေါင်သန်း ၆၀ နဲ့ရောက်လာပြီး ဂန္ထဝင်ကျောနံပါတ် ၇ ဝတ်ဆင်ခွင့်ရခဲ့သူ မေဆင်မောင့်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး၊ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မလုပ်နိုင်ဘဲ ပိုဆိုးတာက အခု ၂၀၂၃ ခုနှစ်အတွင်း တစ်ဂိုးမှ မသွင်းနိုင်သေးပါဘူး။

ယူနိုက်တက်ကို ပေါင် ၇၂ သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ ဒိန်းမတ်လူငယ်တိုက်စစ်မှူးဟွိုင်လန်းကလည်း ပြိုင်ပွဲစုံမှာ ၅ ဂိုး သွင်းခဲ့ပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ သွင်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ဘဲဥ မကွဲသေးသလို လူတန်နဲ့ပွဲမှာ အပိုင်အခွင့်အရေး ၂ ကြိမ် လွဲချော်ခဲ့ပါတယ်။

တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ အန်တိုနီ၊ ဂါနာချို၊ ဆန်ချိုတို့ အားလုံး ဒီရာသီမှာ ခြေစွမ်းပျောက်နေကြပြီး သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိဘဲ အဲရစ်တန်ဟက်နဲ့ပြဿနာတက်ခဲ့တဲ့ ဆန်ချိုကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက အခုအချိန်အထိ အသင်းအတွက် ကစားခွင့်မရသေးပါဘူး။