ဟွိုင်လန်း ပရီးမီးယားလိဂ် သွင်းဂိုး မရသေးတဲ့ အပေါ် ကာကွယ်သွားပြီး clean sheet နဲ့ နိုင်လို့ ပျော်နေတဲ့ နည်းပြ တန်ဟက်
နည်းပြ တန်ဟက်ကတော့ စနေနေ့ညနေက လူတန်တောင်းကို ခက်ခက်ခဲခဲ အနိုင် ကစားခဲ့ရတဲ့ပွဲစဉ်မှာ ဂိုးပေါက် မတွေ့သေးဘဲ ဆက်လက် ရုန်းကန်နေရတဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်း ဘက်က ကာကွယ် သွားခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုးတွေက မကြာမီ လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ တန်းတက် လူတန်ကို လင်ဒီလော့ဖ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း အိမ်ရှင်အသင်းအတွက် ပိုမို သက်တောင့်သက်သာရှိတဲ့ ညနေခင်း ဖြစ်သင့်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ တန်ဟက်ကတော့ သူ့ရဲ့ တိုက်စစ်မှုး ဟွိုင်လန်း အတွက် ကာကွယ် ခဲ့သလို ဂိုးမပေးရဘဲ မန်ယူ နိုင်ပွဲ ရတဲ့ အတွက်လည်း ပျော်ရွှင်နေကြောင်း ပွဲ အပြီးမှာ ခုလို ပြောဆိုသွား ပါတယ်။

“ရာ့စ်မွတ်စ် ဟွိုင်လန်း က ချန်ပီယံလိဂ်မှာ ၅ ဂိုး သွင်းယူခဲ့ပါတယ်။ သူ့မှာ ယုံကြည်ချက်ရှိပြီး ဂိုးတွေက ရောက် လာပါလိမ့်မယ်။ ကျွန်တော်တို့သာ စောစောစီးစီး ဂိုးသွင်းယူနိုင်ခဲ့ရင် တည်ငြိမ်မှု၊ မန်နေဂျာ၊ နည်းပြတွေ၊ အသင်းအတွက် ပိုကောင်းပါလိမ့်မယ်။
ဒါပေမယ့် ခင်ဗျား မသွင်းနိုင်ဘူးဆိုရင်လည်း ဆက်ပြီး လုပ်ဖို့ လိုပါတယ်။ ဆက်ပြီး စုဖွဲ့ထားပြီး ဘာ အခွင့်အရေးမှ မပေးခဲ့တဲ့အတွက် အသင်းကို ကျွန်တော် ချီးကျူးရမှာပါ။ ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ နိုင်ပွဲလိုအပ်ခဲ့ပြီး အနိုင်ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ စောစောစီးစီး ဂိုးသွင်းယူပြီး ဒုတိယဂိုးရပြီး ပိုပြီး သက်တောင့်သက်သာဖြစ်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် တစ်ဂိုးကလွဲပြီး မသွင်းနိုင်ခဲ့ဘူး။ ကျွန်တော် အဲဒါကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် clean sheet ရခဲ့တာကို ပျော်ရွှင်မိပါတယ်။
ကျွန်တော်တို့ ပထမပိုင်းမပြီးခင်မှာ အခွင့်အရေးတွေ အများကြီးရခဲ့ပြီး ခင်ဗျား အဲဒီထဲက တစ်ကြိမ်တော့ ဂိုးပေါက်ထဲ သွင်းနိုင်ခဲ့သင့်ပါတယ်။ ပထမပိုင်းအပြီးမှာ ဒုတိယဂိုးရခဲ့ရင် ပွဲက ပြီးသွားမှာပါ။
အခုတော့ သူတို့ကို ခင်ဗျား အသက်ရှင်ခွင့်ပေးထားပြီး မှားယွင်းတဲ့နေရာကို ဘောလုံးကျသွားတာနဲ့ သူတို့တွေ ချေပဂိုး သွင်းသွားနိုင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာသာ ဂိုးပေါက် မတွေ့သေးပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ကိုပင်ဟေဂင်ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ပွဲစဉ်က သွင်းဂိုး ၂ ဂိုးကြောင့် စုစုပေါင်းသွင်းဂိုး ၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဟွိုင်လန်း ဟာ လူတန်နဲ့ပွဲစဉ် ပွဲကစားချိန်နှောင်းပိုင်းမှာ တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။