မန်ယူ အဆင့် ၄ ဝင်ဖို့ အခြေအနေ ကောင်းပြီး တခြားအသင်းတွေလည်း အမှတ်လျော့ဦးမှာ ဆိုတဲ့အကြောင်း ပြောခဲ့တဲ့ နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက်ရဲ့ စနေနေ့က လူတန်တောင်းနဲ့ နိုင်ပွဲ အပြီးမှာ နည်းပြ တန်ဟက်ကတော့ အသင်းရဲ့ အဆင့် ၄ အတွင်း ဝင်ခွင့် တစ်နေရာ အတွက် အကောင်းမြင်နေပြီး ပြိုင်ဘက်တွေလည်း အမှတ်လျော့တာတွေ ရှိလာဦးမယ် လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ Top 4 ဝင်ခွင့် အပေါ် အကောင်းမြင်မှု ရှိသလား ဆိုတဲ့ အမေး အပေါ် တန်ဟက်က ခုလို တုန့်ပြန်ခဲ့တာပါ။

” သေချာတာပေါ့။ ဒဏ်ရာ ပြသနာတွေ နောက်ဆက်တွဲတွေနဲ့ ရင်ဆိုင်နေခဲ့ရသည့်တိုင် ကျွန်တော်တို့က Top 4 နား၊ နီးစပ်တဲ့ နေရာမှာ ရှိနေဆဲပါ။
ကျွန်တော်တို့ ကောင်းကောင်း စတင်လာနိုင်တဲ့ အခါ၊ နောက် သီတင်းပတ် အနည်းငယ်၊ လ အနည်းငယ် အကြာ အသင်းက အခြေကျလာမယ် ဆိုရင် တွေးကြည့်ပေါ့ဗျာ။
တခြားအသင်းတွေလည်း နောက်ဆက်တွဲ ပြသနာတွေ ကြုံဦး၊ အမှတ်လျော့ကြဦးမှာပါ။ အခုဆို ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့က နောက်ဆုံး ကစားထားတဲ့ ၄ ပွဲ ဆက်တိုက် နိုင်ထားတယ်။ အတော် ကောင်းတဲ့ နေရာမှာလည်း ရှိနေတယ်။
ကျွန်တော်တို့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြသနာတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် အသင်းက အတော် ကောင်းတဲ့ နေရာမှာ ရှိနေတာ ဆိုတာ မြင်ကြမှာပါ။ ဒါကြောင့် အနာဂတ် ကို မျှော်ကြည့်ဖို့၊ အကောင်းမြင်ဖို့ လုံလောက်တဲ့ အနေအထား ရှိပါတယ်။
စွမ်းဆောင်ရည်ပိုင်း တက်လာရင်၊ အခွင့်အရေးတွေလည်း အများကြီး ဖန်တီးလာနိုင်ပြီး မျှော်လင့်စရာတွေ ရှိလာမှာပါ။ ကျွန်တော်တို့ အသင်းက ရှေ့ဆက်သွားနေပြီး ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ရမှတ်တွေ ယူဦးမှာပါ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်မှာ မန်ချက်စတာ ယူနိုက်တက်က အဆင့် ၆ နေရာမှာ ရှိနေပြီ ဖြစ်ပါတယ်။