မန်ယူ နည်းပြ အဲရစ်တန်ဟက်တော့ ပွဲ ပယ် ထိပါပြီ။ အရေးကြီးပွဲစဉ်ကို တန်ဟက် ကွင်းဘေးကနေ ကြီးကြပ် နိုင်တော့မှာ မဟုတ်ပါဘူး
မန်ချက်စတာယူနိုက်တက် နည်းပြ တန်ဟက်ဟာ ပြီးခဲ့တဲ့ စနေနေ့က လူတန်တောင်းနဲ့ပွဲမှာ အဝါကတ် ပြခံခဲ့ ရတာကြောင့် ဒီရာသီ အဝါကတ် ၃ ကတ်ထိ ရှိသွားခဲ့ကာ ပွဲပယ် ခံရတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီ နိုဝင်ဘာလထဲ နိုင်ငံတကာ သီတင်းပတ် အပြီးမှာ ပြန်လည်စတင်မဲ့ အဲဗာတန်နဲ့ပရီးမီးယားလိဂ်ပွဲကို တန်ဟက် တစ်ယောက် လွဲချော်တော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့တဲ့ လူတန်ကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး နောက်ခံလူ လင်ဒီလော့ဖ်ရဲ့ဂိုးကြောင့်သာ အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့လည်း ပွဲချိန်အတွင်း လူတန်အသင်း ရရှိခဲ့တဲ့ လက်ပစ်ဘောနဲ့ပတ်သက်ပြီး အဲရစ်တန်ဟက်က စည်းကြပ်ဒိုင်ကို အော်ဟစ်ဝေဖန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က သူ့ကို အဝါကတ်ပြသခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ အရင်က နည်းပြတစ်ဦး အဝါကတ် ၄ ကြိမ်ပြခံရရင် ၁ ပွဲပယ်ခံရမှာဖြစ်ပေမဲ့ ဒီရာသီမှာတော့ အဝါ ၃ ကြိမ်ထိတာနဲ့ ၁ ပွဲပယ်ခံရမှာပါ။
လူတန်နဲ့ပွဲက အဝါကတ်ဟာ အဲရစ်တန်ဟက်အတွက် ၃ ကြိမ်မြောက်ဖြစ်တာကြောင့် ၁ ပွဲပယ်ရမှာဖြစ်လို့ အခု နိုဝင်ဘာလ ၂၆ ရက်ကျရင် အဲဗာတန်နဲ့အဝေးကွင်းပွဲကို ကိုင်တွယ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။
အဲဗာတန်နဲ့ပွဲကို လွဲချော်မဲ့အပေါ် အဲရစ်တန်ဟက်က ခုလို မှတ်ချက်ပြုခဲ့ပါတယ်။
“ဖြစ်လာတော့မှ ဘာတတ်နိုင်မှာလဲ လက်ခံရတော့မှာပေါ့။ ဒီပြစ်ဒဏ်က စိတ်ပျက်စရာကောင်းပေမဲ့ အဲဗာတန်နဲ့ပွဲအတွက် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်သွားမယ်ဆိုတာ အာမခံနိုင်ပါတယ်။
အဲဒီပွဲ ကို ကျန်တဲ့နည်းပြအဖွဲ့ဝင်တွေက ကိုင်တွယ်မှာဖြစ်ပါတယ်။ သူတို့ကလည်း အရည်အချင်းရှိတဲ့သူတွေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပေမဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ယူနိုက်တက်အသင်းဟာ အဲဗာတန်၊ ဂါလာတာစာရေး၊ နယူးကာဆယ်တို့နဲ့ အဝေးကွင်း ၃ ပွဲဆက်တိုက် ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒါပြီးရင်တော့ ချယ်လ်ဆီး၊ ဘုန်းမောက်၊ ဘိုင်ယန်မြူးနစ်နဲ့ အိမ်ကွင်း၊ လီဗာပူးလ်နဲ့အဝေးကွင်းပွဲတွေ ကစားရမှာဖြစ်ပါတယ်။