သူ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ကြောင်း ဝံ့ကြွားလာတဲ့ မန်ယူ နောက်ခံလူ ဟယ်ရီ မက်ဂွဲရား
မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွဲရား က ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ မထွက်ခွာဘဲ စိတ်ရှည်ရှည်နဲ့ ဆက်နေပြီး သက်သေပြနိုင်ဖို့ကြိုးစားခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက နည်းပြ တန်ဟက်ရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် မရရှိခဲ့တာကြောင့် မက်ဂွဲရား ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သော်လည်း အိုးလ်ထရက်ဖို့ဒ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နောက်ခံလူဟာ ယခုရာသီအစကို အရန်ခုံမှာသာ ပါဝင်ခွင့်ရရှိခဲ့သော်လည်း ယခုအချိန်မှာတော့ ပွဲစဉ်တိုင်း လိုလိုကို ပွဲထွက်ပါဝင်ခွင့်ရရှိနေပြီး ယူနိုက်တက်ရဲ့နောက်ဆုံး ၈ ပွဲဆက် ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မက်ဂွဲရား က “ပြီးခဲ့တဲ့နှစ်က ကျွန်တော် ၁၆ ပွဲ ၁၇ ပွဲလောက်ပဲ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်ပါဝင်ကစားရတဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးစွမ်းဆောင်ခဲ့ပေမယ့် လုံလုံလောက်လောက် ကစားခွင့်မရရှိခဲ့ပါဘူး။
ဒါပေမယ့် ဗာရာနီနဲ့ မာတီနက်ဇ်တို့က ပြောင်ပြောင်မြောက်မြောက်ကစားနိုင်ခဲ့ကြပြီး အသင်းအတွက် Clean Sheet တွေအများကြီး ထိန်းသိမ်းပေးနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စိတ်ရှည်ရှည်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ကစားနိုင်ဖို့ အခွင့်အရေးတွေရခဲ့သေးပေမယ့် ဖျားနာတာတို့ ဒဏ်ရာပြဿနာတို့ကြောင့် လက်လွှတ် ခဲ့ရပါတယ်။ ဒါကြောင့် အသင်းအတွက် ပါဝင်ကစားတဲ့အခါမှာ အသင်းဖော်တွေနဲ့ အချိတ်အဆက်မိဖို့လည်း ခက်ခဲခဲ့ပါတယ်။
အခုချိန်မှာတော့ ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြနိုင်ခဲ့ပါပြီ။ ဒီအသင်းမှာကစားရတာ အရမ်းပျော်ပါတယ်။ ဒီ အသင်းမှာ နိုင်ငံ့လက်ရွေးစင် ဗဟိုခံစစ်ကစားသမားတွေ ၄-၅ ယောက်ရှိနေပေမယ့် ကျွန်တော့်နေရာအတွက် တိုက်ပွဲဝင်သွားမှာပါ။ ဒီလိုအသင်းမှာ နေရာအတွက်တိုက်ပွဲဝင်ရတာက အရမ်းခက်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မက်ဂွဲရား ဟာ ၂၀၁၉ ခုနှစ်က လက်စတာမှ ယူနိုက်တက်သို့ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်ထားသော်လည်း မာတီနက်ဇ် ရောက်ရှိလာပြီးနောက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်နဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာတော့ မာတီနက်ဇ်က ဒဏ်ရာပြဿနာကြုံတွေ့ပြီး ကာလရှည်ကြာ အနားယူနေရတာကြောင့် အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ ပုံမှန်ပွဲထွက်ခွင့်ပြန်လည်ရရှိလာခဲ့တာဖြစ်ပါတယ်။