ဒဏ်ရာရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒိန်းမတ်သား ၂ဦး အခြေအနေကို နည်းပြ တန်ဟက် အသိပေး
ပြီးခဲ့တဲ့ စနေနေ့က လူတန်တောင်းအသင်းကို အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က ဟွိုင်လန်း နဲ့ အဲရစ်ဆင်တို့ရဲ့ဒဏ်ရာ အခြေအနေတွေကို အသိပေး ပြောကြားမှုတွေ ပြုလုပ်သွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာတော့ လူတန်တောင်းကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲအပြီးမှာ တန်ဟက်က ဟွိုင်လန်းနဲ့ အဲရစ်ဆင်တို့ ဒဏ်ရာရခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဟွိုက်လန်း လူစားလဲခဲ့ရမှုအပေါ် တန်ဟက်က “အဲ့ဒီ အခိုက်အတန့်မှာ ကျွန်တော် ဘာမှ မပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် မသိတာကြောင့်ပါ။ ကျွန်တော်တို့ စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပြီး အဖြေသိရဖို့ ၂၄ နာရီ စောင့်ရမှာပါ။
ဒါကြောင့် ကျွန်တော်တို့ ဆေးအဖွဲ့ကို ၂၄ နာရီအချိန်ပေးရမှာဖြစ်ပြီး ဘာပြဿနာလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သူ (အဲရစ်ဆင်) လည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် တူညီတာတစ်ခုက စစ်ဆေးမှုပြုလုပ်ပြီး အဖြေကို စောင့်ကြည့်ရမှာပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
ထို ကစားသမား ၂ ဦးစလုံးဟာ ဒိန်းမတ်အသင်းမှာ ရွေးချယ်ခံထားရပြီး အခုချိန်အထိတော့ နှုတ်မထွက်ရသေး ပါဘူး။ ဒိန်းမတ်ဟာ အခုပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ဖို့ နောက်ဆုံး၂ ပွဲမှာ ၁ ပွဲအနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။