မန်ယူ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကို သန်း ၁ဝဝ နဲ့ ကမ်းလှမ်းမှုကြီးလုပ်ကာ ခေါ်ဖို့ ဆော်ဒီ ပရိုလိဂ် ကလပ်များ စတင် လှုပ်ရှား
ဥရောပ နာမည်ကြီး ကြယ်ပွင့်တွေကို အရ ခေါ်ယူလေ့ရှိတဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေဟာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ကြီးမားတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။
ဖာနန်ဒက်စ်ဟာ အဲရစ် တန်ဟက်ရဲ့ အရေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပြီးနောက် ဒီနှစ်မှာ အသင်းခေါင်းဆောင်ရာထူးကို ပေးအပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ နာကျင်အချိန်ပို အနိုင်ဂိုး သွင်းယူပေးခဲ့သလိုမျိုး အရေးကြီးတဲ့အခိုက်အတန့်မှာ မကြာခဏ အသင်း ကို ဆယ်တင်ပေးဖို့ ထွက်ပေါ် လာတတ်သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သရဲနီတွေဟာ ယခုလာမယ့်နွေရာသီမှာ အသက် ၂၉ နှစ်အရွယ် ကစားသမားကို ဆုံးရှုံးရနိုင်တဲ့ အလားအလာရှိနေပြီး ဆော်ဒီ ပရိုလိဂ်အသင်းတွေဟာ ဖာနန်ဒက်စ်ကို ခေါ်ယူချင်နေကြတယ်လို့ စပိန်သတင်းဌာနတွေ က ဖော်ပြခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဆော်ဒီ ကလပ်အသင်းတွေဟာ ဒီရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် ယူရိုသန်း ၁၀၀ ကမ်းလှမ်းသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး နောက်ထပ် သတင်းတွေကလည်း ဆော်ဒီအာရေဗျ အများပြည်သူရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(PIF)ရဲ့ ကိုယ်စားလှယ်တွေဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ အနာဂတ်အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
နယူးကာဆယ် ယူနိုက်တက်ကို ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားတဲ့ PIF ဟာ ဆော်ဒီ ပရိုလိဂ်မှာလည်း အယ်လ် ဟီလာလ်၊ အယ်လ် အလီ၊ အယ်လ်နာဆာ၊ အယ်လ် အစ်တီဟတ်တို့ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဒီအုပ်စုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကာရင် ဘန်ဇီးမား၊ နေမာ၊ မာရက်ဇ်တို့ အပါအဝင် ဘောလုံးလောကရဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေမှာ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။