စံချိန်တင်ချင်လို့ မန်ယူအသင်းဆီက ပေါ့ဘာ ငွေ ပိုတောင်းခဲ့ခြင်းနဲ့ ဖာဂူဆန် ဘယ်လောက်တင်းသွားလဲ ဖော်ထုတ်လာတဲ့ အေးဂျင့် ပီမန်တာ
ပြင်သစ် ကွင်းလယ် ကစားသမားပေါ့ဘာရဲ့ အေးဂျင့်အဖြစ် တာဝန်ယူနေတဲ့ ရာဖေး ပီမန်တာကတော့ ပေါ့ဘာကို မန်ယူအသင်း ခေါ်ယူခဲ့စဉ်က စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လိုတာကြောင့် ပြောင်းရွှေ့ကြေး ပိုတင်ပေးခဲ့ရကြောင်း ဖော်ထုတ်လာပါတယ်။
ပေါ့ဘာ က စံချိန်တင် ခေါ်ယူမှု ဖြစ်စေချင်တာကြောင့် ယူရို သန်း တစ်ရာနဲ့ တစ်ယူရို ထည့်သွင်း ချုပ်ဆိုခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပြီး အဆိုပါ အပြောင်းအရွှေ့ကို ဖာဂူဆန်တစ်ယောက် အတော်လေး ဒေါသထွက် ပေါက်ကွဲခဲ့တယ်လို့လည်း အေးဂျင့် ဖြစ်သူက ဝန်ခံသွားခဲ့ပါတယ်။

ပီမန်တာဟာ သေဆုံးသွားခဲ့တဲ့ ပေါ့ဘာရဲ့ အေးဂျင့်ဟောင်း ရွိုင်းအိုလာ နေရာ ဝင်ရောက် တာဝန်ထမ်းဆောင်နေသူ တစ်ယောက်ဖြစ်ပြီး မန်ယူနဲ့ ပေါ့ဘာတို့ရဲ့ အပြောင်းအရွှေ့ကို အစအဆုံး ပါဝင်လုပ်ကိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
ပီမန်တာက “ အဲ့ဒီတုန်းက ပေါ့ဘာရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း တစ်ရာ နဲ့ တစ်ယူရို ဆိုပြီး ထည့်သွင်း ချုပ်ဆိုခဲ့ကြပါတယ်၊ ဘာလို့လည်းဆိုတော့ ဘေးလ်ကို ရီးရဲလ် ခေါ်ခဲ့စဉ်တုန်းက ယူရို သန်း ၁၀၀ အသုံးပြုခဲ့တာကြောင့် ကျွန်မတို့က အဲ့ဒီထက် ပိုသာချင်ခဲ့လို့ပါ။
ဖာဂူဆန်ကတော့ အတော်လေး ဒေါသထွက် ပေါက်ကွဲခဲ့ပုံပါပဲ၊ ကျွန်မတို့ စားပွဲဆီလာပြီး စိတ်ဆိုးဆိုးနဲ့ ရိုက်ချလိုက်တာ စားပွဲပေါ်က ကော်ဖီခွက်တွေတောင် အကုန် မှောက်ကျကုန်ခဲ့ပါတယ်၊ သူ့မျက်နှာ တစ်ခုလုံးလည်း နီရဲနေခဲ့သလို ရွိုင်းအိုလာလည်း တော်တော်လေး စိတ်ဆိုးခဲ့ရပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
ဖာဂူဆန်နဲ့ ရွိုင်းအိုလာတို့ကြားက ဆက်ဆံရေးဟာ အဆိုပါ အချိန်ကတည်းက စတင် ပျက်ဆီးသွားခဲ့ရတာ ဖြစ်ပြီး ပေါ့ဘာကိုယ်တိုင်ကလည်း အသင်းဟောင်းမှာ အဆင်မပြေဖြစ်ခဲ့တာကြောင့် နောက်ဆံးမှာတော့ ဂျူဗင်တပ် အသင်းထံ တစ်ဖန် ပြန်လည် ပြောင်းရွှေ့သွားခဲ့ရပါတယ်။