မန်ယူအသင်း စလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဘဝင်မကျနိုင်သေးတဲ့ ပေါစခိုးလ် က သူ့အမြင်ကို ထုတ်ဖော် ပြောဆိုလာပါတယ်

မန်ယူ ကွင်းလယ်ဟောင်းကြီး ပေါစခိုးလ် ကတော့ ဆာ ဂျင် ရက်ကလစ်ဖ် ရဲ့ ယူနိုက်တက် ရှယ်ာ ၂၅% ဝယ်ယူမှု အပေါ် ကျေနပ်အားရမှု မရှိသေးသလို အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ စတင် လုပ်လာတဲ့ အပေါ်လည်း ဘဝင်မကျနိုင်သေးဘဲ ရှိနေပါတယ်။

ဗြိတိန်သန်းကြွယ် သူဌေးကြီး ရက်ကလစ်ဖ် ဟာ ၁.၄ ဘီလီယံနဲ့ ယူနိုက်တက် ရှယ်ယာတွေ ကို ဝယ်ယူလိုက်ကြောင်း ဒီတပတ်ထဲမှာ တရားဝင် ကြေငြာသွားဖို့လည်း ရှိနေပါတယ်။

အသင်းရှယ်ယာတွေ ဝယ်ယူစဉ်က သဘောတူညီမှု အရ ရက်ကလစ်ဟာ အသင်းရဲ့ ဘောလုံးဆိုင်ရာ operations ပိုင်းတွေကို ဝင်ပါ တာဝန်ယူစီမံတော့မှာ ဖြစ်ပြီး ပထမဆုံး အနေနဲ့ လက်ရှိ စီအီးအို ရစ်ချက်အာနိုး ကို ထွက်ခွာစေခဲ့ပြီ ဖြစ်ပါတယ်။

ပေါစခိုးလ် က ” ဟုတ်ပြီ။ အားလုံးကတော့ ကစားသမား ခေါ်ယူမှု၊ ခေါ်ယူမှု ပိုင်းတွေပဲ ပြောနေကြတယ်။ recruitment ပိုင်းက တကယ်ကို ခက်ခဲတာပါ။ ဒါက မှန်ကန်အောင် လုပ်ရ အတော် ခက်ခဲတဲ့ ကိစ္စ ဖြစ်တယ်။

ကစားသမားသစ် ခေါ်ယူမှုတိုင်းက မဟာစွန့်စားခန်းပဲ။ ကျွန်တော်တို့က ကစားသမားကောင်းတွေချည်း ရွေး ခေါ်ယူတယ် ဆိုတာ သိသာပါတယ်။ ဒါပေမယ့် အဲဒီထဲက တော်တော်များများက အလုပ်လည်း မဖြစ်ဘူး။ ဒီတော့ ပထမဆုံး လုပ်ရမှာက ဒါတွေကို ဖြေရှင်းတာပဲ လို့ ကျွန်တော် ထင်တယ်။

သူတို့က ဘောလုံး ဒါရိုက်တာ တို့ အားကစား ဒါရိုက်တာ တို့ ပြောကြတယ်။ အတွေ့အကြုံ ရှိသူပေါ့။ ဒီနေရာကို သူ အရင်ဆုံး နေရာ ဖြည့်ရမှာပဲ။ ကျွန်တော် မယုံနိုင်တာက သူ ဒီကလပ်အသင်းရဲ့ ရှယ်ယာ ၂၅ % ပဲ ပိုင်ရုံနဲ့ ကိုယ်ပိုင် ကိရိယာတွေ ထုတ်သုံးလာရတော့မှာကိုပါ။

အဓိက ဆုံးဖြတ်ချက်တွေ ချရမယ် ဆိုရင် ဂလေဇာ မိသားစုက စားပွဲထိပ်မှာ အေးဆေး ထိုင်နေမှာ မဟုတ်ဘူးလေ။ ကိုယ်က စာချုပ်စာတမ်းတွေ ပြင်ဆင်၊ အလုပ်တွေ လုပ်နေပြီးမှ သူတို့က မကြိုက်တာ ပါလာရင် ထ ကန့်ကွက်ကြမှာပဲ။ သူတို့က မပြောဘဲ မနေဘူးလေ။

ကျွန်တော်တော့ အတော်ကြီး အီလည်လည်နိုင်မယ့် အနေအထားလို့ပဲ မြင်တယ်။ ရက်ကလစ် အတွက်ကလည်း အသင်းကို အပြီးအပြတ် ဝယ်ယူနိုင်ဖို့ ဒါက ခြေလှမ်းစတင်တာပဲ ဖြစ်မှာပါ။ ဒါပေမယ့် ဘယ်လောက်ကြာမလဲ ဆိုတာ ကျွန်တော်တို့ မသိဘူးလေ။

သူ့ အနေနဲ့ရော အသင်းကို ပြင်ဆင်နေဖို့ အချိန် ဘယ်လောက် ရနိုင်၊ ပေးနိုင်မှာလဲ ? ” လို့ သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။