ချန်ပီယံရှစ်ကလပ်နဲ့ ကွင်းပိတ် ခြေစမ်းပွဲ ကြိတ်ကစားခဲ့ပြီး မနိုင်ဘဲ သရေကျသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးနဲ့ ကွင်းပိတ် ခြေစမ်းပွဲကန်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ တန်ဟက်ရဲ့အသင်းဟာ ချန်ပီယံရှစ်အဆင့် ၈ နေရာက အသင်းကို အနိုင်မယူနိုင်ခဲ့ဘဲ ၁-၁ သရေ ရလဒ်သာ ထွက်ပေါ် ခဲ့ပါတယ်။

အဲဒီ ကွင်းပိတ်ခြေစမ်းပွဲမှာ မန်ယူအသင်းဟာ နိုင်ငံတကာပွဲ သွား မကန်ရတဲ့ကစားသမားတွေနဲ့ ယှဉ်ပြိုင်စေခဲ့တာပါ။

ပွဲမှာ ဘရာဇီးအတွက် ရွေးချယ်ခံရခြင်းမရှိတဲ့ အန်တိုနီနဲ့ မန်ယူမှာ အမေ့ခံလိုဖြစ်နေတဲ့ ဗန်ဒီဘ်ခ်တို့လည်း ပါဝင် ပါတယ်။

ပေါင် ၈၃ သန်းတန် တိုက်စစ်မှုး အန်တိုနီဆို ဒီရာသီမှာ ယူနိုက်တက်အတွက် ၁၂ ပွဲ ကစားပေးထားပေမယ့် ဂိုး မသွင်းနိုင်သေးသလို ဂိုးဖန်တီးမှုလည်း မလုပ်ပေးနိုင်သေးပါဘူး။

တန်ဟက်ရဲ့ တပည့်ရင်း ဖြစ်တဲ့ ဘရာဇီးသားဟာ ဝေဖန်မှုတွေ ခံနေရပြီး မန်ယူအတွက် နောက်ပိုင်းပွဲတွေမှာလည်း ပွဲထွက်ခွင့် ပျောက်ဆုံးနေပါတယ်။

နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ကလည်း ဒီရာသီမှာ ၂၁ မိနစ်သာ ကစားရသေးတာပါ။

၁-၁ သရေနဲ့ ပြီးဆုံးခဲ့တဲ့ အဲဒီပွဲမှာ ဟန်နီဘယ် အပါအဝင် မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမားအချို့လည်း ဝင်ရောက်ကစားခဲ့ကြပါတယ်။

ဟားလ်စီးတီးနည်းပြကတော့ ပြီးခဲ့တဲ့အပတ် ချန်ပီယံရှစ်ပွဲစဉ်အပြီးမှာ တကယ့်ကို ထိပ်တန်းအသင်းတစ်သင်းနဲ့ ကွင်းပိတ် ခြေစမ်းမယ်လို့ ဖွင့်ပြောထားတာပါ။ ဒါပေမဲ့ သူတို့ ကွင်းပိတ်ခြေစမ်းမယ့်အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဆိုတာကိုတော့ ဖွင့်မပြောခဲ့ပါဘူး။