အန်တိုနီနဲ့ ရက်ဖို့ဒ်တို့ အပြောခံရသလောက် မေဆင်မောင့် က လွတ်နေသေးလို့ ထောက်ပြလာတဲ့ လူးဝစ်ဆာဟာ
မန်ချက်စတာ ယူနိုက်တက်ထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးမှ အခုထိ ဘာတစ်ခုမှ လုပ်ပြနိုင်ခြင်း မရှိသေးဘဲ ရုန်းကန်နေရတဲ့ မေဆင်မောင့် အပေါ် ဝေဖန်မှုတွေ သိပ်မရှိတာ နားမလည်နိုင်ဘူးလို့ မန်ယူ တိုက်စစ်မှုးဟောင်းကြီး လူးဝစ်ဆာဟာက ထုတ်ဖော် ပြောဆိုလာပါတယ်။
မောင့်ဟာ ဒီရာသီ မန်ယူအသင်းမှာ ပုံမှန် ပွဲထွက်ခွင့်လည်း ပျောက်ဆုံးနေသလို ကစားခွင့်ရတဲ့ အချိန်တွေမှာလည်း ခြေစွမ်းမပြနိုင်ပါဘူး။ အခြား မန်ယူအသင်းသားတွေ ဖြစ်တဲ့ အန်တိုနီ ရပ်ဖို့ဒ် တို့အပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် မောင့်အပေါ် ဒါမျိုး မရှိတဲ့ အပေါ် ဆာဟာ ကတော့ အံ့သြနေပါတယ်။

လူးဝစ်ဆာဟာက “မေဆင်မောင့်နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ကာကွယ်မှုတွေများ ရှိနေသလား? မေဆင်ဟာ ဒီအသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်သင့်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သက်ရောက်မှုကို ခုထိ မမြင်ရသေးဘူး။
အန်တိုနီ ဆိုရင် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘ၀ ၆ လတာ ကာလအတွင်းမှာ ဝေဖန်မှုတွေ အပြင်းအထန် ရထားပြီး ဖြစ်ပါတယ်။ မေဆင်မောင့် ကောင်းကောင်း မကစားပေမယ့် ဘာကြောင့် လူတိုင်းက ဝေဖန်မှု မလုပ်ဘဲ လွှတ်ထားတာလဲ?
အန်တိုနီဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ဖူးသူလည်း မဟုတ်ပါဘူး။ ဒ့ါကြောင့် အန်တိုနီလို ဝေဖန်မှုမျိုးတွေ မောင့် အပေါ် ဘာကြောင့် မလုပ်ကြတာလဲ? ကျနော် ဒါကို နားလည်လို့ မရပါဘူး။
ယူနိုက်တက်က မေဆင်မောင့်ကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲဆိုတာ မသိသေးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မောင့်ဟာ မန်ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာသင့်ပါတယ်။ ရပ်ဖို့ဒ် ဒါမှမဟုတ် အန်တိုနီ တို့လိုမျိုးပေါ့။
ဒါ့ကြောင့် ဒီကစားသမား ၂ ဦးက ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရနေပြီး ကစားပုံ မကောင်းတဲ့ မေဆင်မောင့်က ဝေဖန်မှု သိပ်မခံရသလဲဆိုတာ ကျနော် နားလည်လို့ မရပါဘူး။ သူဟာ ဂိုးလည်း မသွင်းသလို ဖန်တီးမှုလည်း မလုပ်ပါဘူး။ ဘယ်သူမှ ဒါနဲ့ပက်သက်ပြီး မပြောကြပါဘူး။ ကျနော် ဒါကို နားလည်လို့ မရပါဘူး။” လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။