ဟွိုင်လန်း ပရီးမီးယားလိဂ်မှာ ဂိုး မရတာ ဘယ်သူတွေကြောင့်လဲ ဖော်ထုတ်သွားတဲ့ သရဲနီဟောင်းကြီး ပေါစခိုးလ်
မန်ယူ တိုက်စစ်မှုးသစ် ဟွိုင်လန်း တစ်ယောက် ပရီးမီးယားလိဂ်မှာ ဂိုး စသွင်းနိုင်ဖို့ဆို အသင်းဖော်တွေ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဂါနာချိုတို့ ၃ ယောက်က လိုက်လျောညီထွေဖြစ်အောင် ကစားဖို့လိုတယ် လို့ မန်ယူဂန္ထဝင်ဟောင်း ပေါစခိုးလ်က ယုံကြည်နေပါတယ်။
ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှုး ဟွိုင်လန်း ဟာ အခုဆိုရင် ပရီးမီးယားလိဂ် ၉ ပွဲ ရှိသွားပြီဖြစ်ပေမယ့် တစ်ဂိုးမှကို သွင်းယူနိုင်ခြင်း မရှိသေးတာပါ။
သူဟာ နောက်ဆုံး ကစားခဲ့တဲ့ လူတန်နဲ့ပွဲမှာ အနီးကပ် ကန်သွင်းရတာ လွဲခဲ့ပေမယ့် အဲဒီမတိုင်ခင် အသင်းဖော်တွေ ဆီက ဘာအခွင့်အရေးဖန်တီးပေးမှုမှ မရခဲ့တာ ၃ နာရီနီးပါး ရှိခဲ့ပါတယ်။

အဲဒါကြောင့်လည်း ပေါစခိုးလ်က ဟွိုင်လန်း ပရီးမီးယားလိဂ် မှာ သွင်းဂိုးတွေ မရတာ အသင်းဖော်တွေ ကြောင့်လည်း ပါတယ် လို့ ထောက်ပြလာခဲ့တာပါ။
” ဟွိုင်လန်း က လူကောင်ကြီးသလို ပြေးအားလည်း ရှိတယ်။ ထိပ်တန်းအဆင့် တိုက်စစ်မှုး တစ်ယောက် ဖြစ်လာမယ့် အရာအားလုံး သူ့မှာရှိတယ်။
ဒီကလေးမှာ ဖိအားအများအပြားရှိပါတယ်။ ဒါပေမဲ့ သူ့မှာ အကူအညီလိုအပ်ပါတယ်”လို့ ပေါစခိုးလ်က သုံးသပ်ခဲ့ပါတယ်။
ဆက်လက်ပြီး ပေါစခိုးလ်က ” ဟွိုင်လန်း ပတ်ဝန်းကျင်မှာ ရှိတဲ့ ကစားသမားေွ က သူ့ကို ဘောလုံး ပေးပို့ တာ မလုပ်ပေးကြဘူးလေ။ ကျွန်တော့်အတွက်တော့ သူက ဖြတ်တင်ဘောလိုအပ်နေတဲ့ ဗဟိုတိုက်စစ်မှုးတစ်ယောက်နဲ့ တူပါတယ်။
အခု ရက်ရှ်ဖို့ဒ်ကိုပဲ ကြည့်လေ။ box ထဲဝင်ပြီး ကန်သွင်းဖို့ပဲ လုပ်တယ်။ အန်တိုနီက သူကစားခွင်ရတဲ့အချိန်တိုင်း အဲဒီလိုပဲ။ ဂါနာချိုလည်း ပါတာပေါ့။ ဂိုးသွင်းနေကျ တောင်ပံကစားသမားတွေက လောလောဆယ် ဂိုးမသွင်းနိုင်ကြဘူး။
ဒါပေမဲ့ သူတို့က ဘောလုံးကို ဖြတ်တင်ဘော ပေးတာလည်း မလုပ်ကြပါဘူး”လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။