အိုနာနာနဲ့ ရက်ဖို့ဒ်တို့ပါ နာသွားပြီး တစ်သင်းစာလောက် ဒဏ်ရာရ ကစားသမားတွေ ရှိလာတဲ့ မန်ယူအသင်း
ပြီးခဲ့တဲ့သောကြာည နိုင်ငံတကာပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်နဲ့ ဂိုးသမားအိုနာနာတို့ဟာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် ကစားရင်း ဒဏ်ရာ ရသွားခဲ့ကြပါတယ်။
ဒီထဲမှာ ရက်ရှ်ဖို့ဒ်က မော်လ်တာကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်ရဲ့ယူရိုခြေစစ်နိုင်ပွဲမှာ ဒဏ်ရာရသွားခဲ့တာပါ။

နှစ်လကျော်တိုင် ယူနိုက်တက်အတွက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ၂၆ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန် အသင်းဖော် ထရန့် အလက်ဇန်းဒါး အာနိုးနဲ့ မတော်တဆ တိုက်မိခဲ့ပါတယ်။
အဲဒါကြောင့် ကွင်းထဲမှာပဲ ဆေးကုသမှုခံယူခဲ့ပေမယ့် ဆက် မကစားနိုင်တော့တာကြောင့် ချဲလ်ဆီးက ကိုးပယ်လ်မာနဲ့ လူစားလဲခံခဲ့ရတာပါ။
အိုနာနာကတော့ မောရေးသျှကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ကင်မရွန်းရဲ့ အာဖရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးဖို့ ၁၀ မိနစ်အလိုမှာ ဒဏ်ရာရသွားပြီး အသင်းဆေးအဖွဲ့နဲ့ဆွေးနွေးခဲ့ပြီးနောက် လူစားလဲခံခဲ့ရတာပါ။
အင်တာကနေ ၄၇ သန်းနဲ့ ပြောင်းလာတဲ့ အဲဒီကင်မရွန်းဂိုးသမားဟာ ဒီရာသီ ယူနိုက်တက်ရဲ့ပွဲတိုင်းမှာ ပွဲထွက်ပါဝင်ခဲ့သူဖြစ်ပါတယ်။
တစ်နည်းအားဖြင့် သူတို့နှစ်ယောက်ဟာ မန်ယူရဲ့များပြားတဲ့ဒဏ်ရာစာရင်းမှာ ထပ်တိုးတွေ ဖြစ်လာကြတာပါ။
အဲဒီ မတိုင်ခင်ကလည်း အဲရစ်ဆင်နဲ့ ဟော့လန်းတို့ဟာ ဒဏ်ရာတွေကြောင့် ဒိန်းမတ်လူစာရင်းက နှုတ်ထွက်ခဲ့ရ ပါသေးတယ်။
လူတန်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်မှာလည်း ရက်သတ္တပတ်အနည်းငယ်နားရမယ့် ဂျွန်နီအီဗန်ဟာ မြောက်အိုင်ယာလန် လူစာရင်းက နုတ်ထွက်ခဲ့ရတာပါ။
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့လက်ရှိ ဒဏ်ရာရစာရင်းက တစ်သင်းစာလောက်ဖြစ်နေပါတယ်။