ရက်ရှ်ဖို့ဒ် ဒဏ်ရာ အခြေအနေ သတင်းကို စိတ်ပူပူနဲ့ စောင့်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်
အင်္ဂလန်ရဲ့ မော်လ်တာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ရဲ့ သတင်းကို မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က စိုးရိမ်နေကြပါတယ်။
လက်ရှိရာသီ ခြေစွမ်းပိုင်း ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသက် ၂၆ နှစ် အရွယ် အင်္ဂလန် သားဟာ ယခု တစ်ခေါက် မော်လ်တာနဲ့ ပွဲမှာ ပွဲထွက်ကစားပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာ အသင်းဖော် အာနိုးလ်နဲ့ ထိခိုက်မိပြီး လူစားလဲ ခံလိုက်ရပါတယ်။

လူတန်တောင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ကလပ် အသင်းနည်းပြ တန်ဟတ် နဲ့လည်း အနည်းငယ် ဆက်ဆံရေး အေးစက်နေသူ တစ်ယောက်ြစ်ပါတယ်။
ရက်ရှ်ဖို့ဒ် မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး မွေးနေ့ ပါတီ ကျင်းပခဲ့တာကြောင့် တန်ဟတ် တစ်ယောက် အတော်လေး ဒေါသထွက် ပေါက်ကွဲခဲ့ရပါသေးတယ်။
လက်ရှိ အချိန်အထိ ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး အင်္ဂလန် အသင်းဘက်က အသိပေးထားခြင်း မရှိသေး တာကြောင့် မန်ယူအသင်းဘက်က ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး အကယ်၍ ဒဏ်ရာ ရရှိခဲ့ရင်တော့ ကလပ် အသင်းထံ ပြန်လည် စေလွှတ်ခိုင်းဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ယခုတစ်ခေါက် နိုင်ငံတကာ ကြားရက်ပွဲစဉ်အပြီး ဆယ်မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အဲဗာတန် နဲ့ အဝေးကွင်းသွားရောက် ကစားရမှာ ဖြစ်သလို ဂါလာတာစာရေး နဲ့လည်း ချန်ပီယံလိဂ် အုပ်စုတက်ဖို့ အဆုံးအဖြတ် အဖြစ် အဝေးကွင်း သွားရောက် ကစားရဦးမှာ ဖြစ်တာကြောင့် ကစားသမားအားလုံး ဒဏ်ရာ ကင်းစင်နေဖို့ တန်ဟတ် တစ်ယောက် အလိုရှိနေတာ ဖြစ်ပါတယ်။