မန်ယူ ကွင်းလယ်ပိုင်း ပြင်ဖို့ ဆိုရင် သူ့ရဲ့ ပေါ်တူဂီ အသင်းဖော်လေးက အသင့်တော်ဆုံးပဲ လို့ ဖာနန်ဒက်စ် ထောက်ခံချက်ပေး
မန်ချက်စတာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ မန်ယူ အသင်းရဲ့ ကွင်းလယ်ပိုင်းကို မွမ်းမံပြင်ဆင်ဖို့ အတွက် ဆိုရင် ပေါ်တူဂီသားဖြစ်တဲ့ ဂျာအို နီဗက်စ်ဟာ အသင့်တော်ဆုံးပဲလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ နီဗက်စ် ကို မန်ယူ ကင်းထောက်တွေက တောက်လျောက် စောင့်ကြည့်နေကြသလို နည်းပြ အဲရစ် တန်ဟတ်ကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းကို မွမ်းမံပြင်ဆင်နိုင်ဖို့ အထူး တလည် အားထုတ်နေပါတယ်။

လက်ရှိမှာ မန်ယူဟာ ကွင်းလယ်လူ မေဆင်မောင့်ကို ချဲလ်ဆီးကနေပြီး ခေါ်ထားသလို မော်ရိုကိုသား အမ်မရာ ဘတ်ကိုလည်း နွေဈေးကွက် မပိတ်ခင်လေးမှာတင် အငှားနဲ့ ခေါ်ပြီး အားဖြည့်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ မန်ယူအသင်းကွင်းလယ်ပိုင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လုံလောက်တဲ့ အင်ဂျင်ပါဝါမျိုး လုံးဝ မရှိတဲ့ အတွက် တန်ဟတ်က သွေးသစ်လောင်းချင်နေတာပါ။
ဒါ့အပြင် နယ်သာလန်သားနည်းပြဟာ မန်ယူအသင်း အဝတ်လဲခန်းထဲမှာလည်း ကွင်းလယ် ကစားသမားတွေရဲ့ ပျမ်းမျှအသက်ကို လျှော့ချချင်နေတဲ့ ဆန္ဒမျိုး ရှိနေပါတယ်။
ဒါကြောင့် ယူနိုက်တက်အနေနဲ့ ကွင်းလယ်ကို အားဖြည့်မယ်ဆို ရင်တော့ သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ နီဗက်စ်ကို ခေါ်တာ အကောင်းဆုံးပဲ လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။
”ကျွန်တော် သူ့ကို ယူနိုက်တက်မှာ မြင် ချင်တာပါ။ ဒါပေမဲ့ ဒါက ဂျာအိုရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ သူ့မှာ ထိပ်တန်း အရည်အသွေးရှိတယ်။ သူက တကယ့် ကစားသမားကောင်းပါ။
ဒါပေမဲ့ ဒါက နည်းပြရဲ့ ရွေးချယ်မှုအပေါ်မှာလည်း မူတည်တယ်လေ။ သူ့မှာ အရမ်းကို ကောင်းလွန်းတဲ့ အနာဂတ်မျိုး ရှိလာမှာပါ။ ယူနိုက်တက် ဒါမှ မဟုတ်ရင်လည်း တခြား တစ်နေရာရာ မှာပေါ့” လို့ ဖာနန်ဒက်စ်က Sport TV ရုပ်သံလိုင်းကို ပြောသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဂျာအိုနီဗက်စ် ရဲ့ ဘင်ဖီကာအသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၀၅ သန်းရှိနေပြီး အဲဒီပမာဏကို မန်ယူ အသင်း ဘက်က လက်ခံဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။
ဂျာအိုနီဗက်စ်ဟာ ပေါ်တူဂီ လက်ရွေးစင်အသင်း ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်မြင်ဖို့အတွက် အသင်းဖော် ဖာနန်ဒက်စ်နဲ့ အတူ လက်တွဲကြိုးစားခဲ့တဲ့သူဖြစ်တာကြောင့် အတိုင်အဖောက် ညီနေတဲ့ ကွင်း လယ် အတွဲဖြစ်လာနေပါတယ်။