ဆာအဲလက်စ် ခါးသီးတဲ့ ကိစ္စကို ပြောင်ပြောင်တင်းတင်း လုပ်ပြီး ငွေရှာဖို့ ဂလေဇာ မိသားစု အစီအစဉ် ဆွဲနေပါပြီ
မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ ဂန္ထဝင် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန် မုန်းတီးတဲ့ ကိစ္စနဲ့ ငွေရှာဖို့ အားတက်သရော လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာပါတယ်။
အမေရိကန် သူဌေးတွေဖြစ်ကြတဲ့ ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို ၂၀၀၅ ခုနှစ်မှာ ပေါင် သန်း ၇၉၀ နဲ့ ဝယ်လိုက်ပြီးတဲ့ နောက် ငွေကြေးအကျိုးအမြတ်ရဖို့ကိုပဲ ဦးတည်ပြီး အလုပ်လုပ်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုစာ ကာလအတွင်းမှာဆိုရင်လည်း ဂလေဇာ မိသားစုဟာ မန်ယူအတွက် ဘဏ် အာမခံချေးငွေတွေ အများစုနဲ့ပဲ လုပ်ငန်း လည်ပတ်ခဲ့တာဖြစ်တာကြောင့် လက်ရှိမှာ ကြွေးမြီပမာဏက ပေါင် ၁ ဘီလီယံအထိ ရှိလာနေပါပြီ။
ဒါကြောင့် ပရိသတ်တွေရဲ့ ဆန္ဒပြမှု အားကောင်းလာတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ဖိအားတွေကိုလျှော့ချနိုင်ဖို့အတွက် ဂလေဇာမိသားစုဟာ အသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဗြတိန်စီးပွား ရေးလုပ်ငန်းရှင်ကြီး ရက်ကလစ်ဖ်ဆီကို ထုတ်ရောင်းဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိမှာ ဂလေဇာ မိသားစုဟာ အဲဒီကိစ္စအပြင် နောက်ထပ် ငွေရပေါက်တစ်ခုအတွက်လည်း ကြိုးစားနေတယ် လို့ သိရပါတယ်။
အဲဒါကတော့ ဘောလုံးကို ရူးသွပ်ပြီး ပိုက်ဆံကျိကျိတက် ချမ်းသာတဲ့ တစ်ယောက်ချင်းစီတိုင်းကို ပစ်မှတ်ထားပြီး ငွေရှာဖို့ အားထုတ်နေတာပါ။
မန်ယူအသင်းကို ရင်ဘတ်ကြီးနဲ့ အားပေးသလို တစ်ဖက်မှာလည်း ငွေကို ရေလိုသုံးနိုင်တဲ့ ပရိသတ်တွေ အနေနဲ့ ဆန္ဒရှိတယ်ဆိုရင် မန်ယူအသင်း ကစားသမားတွေနဲ့အတူ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ အတူတွဲဖက် ပြီး ကစားခွင့်ရမှာဖြစ်သလို လေ့ကျင့်ခန်းလည်း အတူ လုပ်ခွင့်ရမှာပါ။
အဲဒီ အတွက် မန်ယူက Package တစ်ခုအနေနဲ့ စီစဉ်ပေးမှာဖြစ်ပြီး အခကြေး ငွေ ကောက်ခံမှာ ဖြစ်တယ်လို့ ကမ္ဘာကျော် အားကစားသတင်းဌာနဖြစ်တဲ့ The Athletic က ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီလိုမျိုး လေ့ကျင့်ခွင့်ရ ချင်တဲ့ ပရိသတ်ဟာ လေ့ကျင့်ရေး အစီအစဉ်အမျိုးအစားအလိုက် ကုန်ကျငွေ ပေါင် သန်းနဲ့ချီပြီး ရှိနိုင်တယ်လို့လည်း သိရပါတယ်။
မန်ယူအသင်းကို ဆာအဲလက်စ် ဖာဂူဆန် နည်းပြခဲ့ချိန်တုန်းက အသင်းရဲ့ စည်း ကမ်းပိုင်းနဲ့ပတ်သက်လာရင် အရမ်းကို တင်းကြပ် လွန်းတဲ့ ဖာဂူဆန်ဟာ ကာရင်တန် လေ့ကျင့်ကွင်းကို ပရိသတ်တွေ အခကြေးငွေနဲ့ လာကြည့် တာကိုတောင် မကြိုက်တဲ့သူမျိုးပါ။
ဒါပေမဲ့ လက်ရှိမှာတော့ ဂလေဇာဟာ နည်းပြဟောင်း ဆာအဲလက်စ် အရမ်းမုန်းတီးတဲ့ ကိစ္စကို ပြောင်ပြောင်တင်းတင်း လုပ်ပြဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်နေပြီဖြစ်ပါတယ်။