ဘာစီလိုနာ ကစားသမားတွေအတွက် ဇာဗီ ကန့်သတ်လိုက်တဲ့ စည်းကမ်းအသစ် ၁၀ ချက်

ဇာဗီ ကန့်သတ်လိုက်တဲ့ စည်းကမ်းအသစ် ၁၀ ချက်

(၁) ကိုးမန်းလက်အောက် ကစားသမားတွေဟာ လေ့ကျင့်ရေးမစခင် နာရီဝက် အလိုလောက်မှာ ကြိုရောက်ထားဖို့ပဲ လိုခဲ့ပေမယ့် ဇာဗီကတော့ ကွင်းထဲမဝင်ခင် အားကစားရုံမှာ မိနစ် ၉၀ ကြိုရောက်ထားဖို့နဲ့၊ ဝန်ထမ်းတွေက ၂ နာရီ ကြိုရောက်ထားရမယ်လို့ သတ်မှတ်လိုက်တာပါ။

(၂) အရင်တုန်းက လေ့ကျင့်ရေးမှာ နေ့လည်စာ စားမလား၊ ဒါမှမဟုတ် လေ့ကျင့်ရေးပြီးရင် ချက်ချင်း အိမ်ပြန်စားမလားဆိုတ ကစားသမားတွေ ကိုယ်တိုင်ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပေမယ့် အခုတော့ ကစားသမားတွေအားလုံး ကလပ်မှပဲ အတူကစားရမယ်လို့ ဇာဗီက တင်းကျပ်ခဲ့ပါတယ်။

(၃) အတိုင်းအချင့်နဲ့ စားရတဲ့ Diet ကလည်း ဇာဗီအတွက် အတော်လေး အရေးကြီးတာဖြစ်ပြီး သင့်တော်တဲ့ အရာတွေကိုပဲ စားသုံးခြင်းက အသင်းသားတွေကို ဒဏ်ရာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ပွဲတွေအတွက် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို တိုးတက်လာစေနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

(၄) နောက်တစ်ချက်က ဒဏ်ကြေးဆောင်ရတာတွေကို ပြန်လည်သတ်မှတ်လိုက်တာပါ။ ကစားသမားတွေဟာ လူးဝစ်အင်းနရစ် ထွက်ခွာသွားပြီး နောက်ပိုင်း ဒဏ်ကြေးဆောင်ရတာတွေ မရှိတော့ပေမယ့် အခုတော့ ပြန်လည် ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

(၅) ဒဏ်ကြေးတွေဟာ ထပ်ခါထပ်ခါ ချိုးဖောက်သူတွေအတွက် ပိုပိုတိုးလာမှာဖြစ်ပြီး လေ့ကျင့်ရေးတစ်ခါ နောက်ကျရင် ယူရို ၁၀၀ ပဲပေးရမှာဖြစ်ပေမယ့် နောက်ထပ် နောက်ကျနေဦးမယ်ဆိုရင် နှစ်ဆစီ ထပ်တိုးသွားမှာါ။ ဒါကြောင့် ကစားသမားတွေ အနေနဲ့ စည်းကမ်းတွေ အမြဲဖောက်နေရင် များပြားတဲ့ ပြစ်ဒဏ်တွေ ကျခံရနိုင်ပါတယ်။

(၆) ဇာဗီရဲ့ ကစားသမားတွေဟာ ဘောလုံးနဲ့မဆိုင်တဲ့ ပြင်ပကိစ္စတွေကိုလည်း ကန့်သတ်ခံရတော့မှာဖြစ်ပြီး ပွဲတစ်ပွဲမတိုင်ခင် ၄၈ နာရီအတွင်း ညဉ့်မနက်ခင် အိမ်ပြန်ရောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ပွဲကစားဖို့အတွက် အကောင်းဆုံး အသင့်အနေအထားမှာ ရှိနေစေမှာပါ။

(၇) သူတို့ဟာ အားကစားနဲ့မဆိုင်တဲ့ ကွင်းပြင်ပ လှုပ်ရှားမှုတွေကိုလည်း ထိန်းချုပ်ရမှာဖြစ်ပြီး တခြားအပြင်ကိစ္စတွေက ကွင်းတွင်း အလုပ်အပေါ် သက်ရောက်မှုရှိလာရင် နည်းပြအဖွဲ့ဝင် တစ်ယောက်ရဲ့ စောင့်ကြပ်ကြည့်ရှုခံရမယ့် ပြစ်ဒဏ်ကို ရရှိမှာပါ။ ဒါကြောင့်ပဲ ကလပ်ဂန္တဝင် ပီကေးဟာ ဘောလုံးအပေါ်ပဲ အာရုံစိုက်ဖို့အတွက် စီစဉ်ထားပြီးသား ရုပ်သံအင်တာဗျူးတစ်ခုကို ဖျက်သိမ်းလိုက်ရပါတယ်။

(၈) တချို့သော အန္တရာယ်များတဲ့ လုပ်ဆောင်မှုတွေကို လုံးဝပိတ်ပင်ထားပြီး ကစားသမားတွေအနေနဲ့ ဒဏ်ရာတွေ ရှောင်ကြဉ်ဖို့အတွက် ရေလှိုင်းစီးတာ၊ လျှပ်စစ် ဆိုင်ကယ်စီးတာတွေကို ခွင့်မပြုထားပါဘူး။ ဘယ်ကစားသမားပဲဖြစ်ဖြစ် အဲ့ဒီ့လို အပြစ်လုပ်ရင် ကလပ်ရဲ့ တရားရေးဌာနကို တန်းပို့ခံရမှာဖြစ်ပြီး ‘စာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု’ အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

(၉) ကစားသမားတွေဟာ စံပြကောင်းတစ်ယောက် ဖြစ်နေရမှာဖြစ်ပြီး ပရိသတ်တွေအပေါ် နားလည်ပေးမှုကို အမြဲပြသနေရမယ်လို့ ဆိုပါတယ်။

(၁၀) နောက်ဆုံးတချက်ကတော့ အသင်းဟာ ပွဲကစားဖို့ ရှိရှိ၊ မရှိရှိ အမြဲ လေ့ကျင့်နေရမှာပဲ ဖြစ်ပါတယ်။