မန်ချက်စတာ ယူနိုက်တက် ကစားသမား ၅ ဦး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ဆော်ဒီ ပရိုလိဂ် ကလပ်များ
ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကို ရောက်ဖို့ အတွက် အချိန် အတော် လိုနေသေးပေမဲ့လည်း အပြောင်းအရွှေ့ သတင်း တွေကတော့ လှုပ်ခတ်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ နွေဈေးကွက်ထဲမှာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကို အဓိက ပစ်မှတ်ထားပြီး ကစားသမားတွေ ခေါ်သွားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ကြောင့် လည်း အပြောင်းအရွှေ့ သတင်းတွေက အမြဲ ထွက်ပေါ်နေတာပါ။
အခုအချိန်မှာဆိုရင်လည်း ငွေကို ရေလိုသုံးနိုင်တဲ့ ဆော်ဒီပရိုလိဂ်ဟာ ဇန်နဝါရီဈေးကွက်အတွက် ပရီးမီးယားလိဂ် ထိပ်သီးကစားသမားတွေကို ပစ်မှတ်ထားလာနေပါပြီ။ ဒီအထဲမှာ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာ၊ စပါးတိုက် စစ်မှူး ရစ်ချာလီဆန်တို့လည်း ပါနေတာကို တွေ့ရတယ်။

ထူးခြားတာကတော့ အရှေ့အလယ်ပိုင်းဒေသ ဆော်ဒီ ပရိုလိဂ် ထံ ကို မန်ယူကစားသမားတွေ အစုလိုက်အပြုံလိုက် ရောက်သွားနိုင်တယ်ဆိုတဲ့ ကိစ္စပါပဲ။
ထိပ်သီး ကြယ်ပွင့်ကစားသမားတွေဆိုရင် ငွေပေးဖို့ လက်မနှေးတဲ့ ဆော်ဒီ ပရိုလိဂ် ကလပ်တွေဟာ မန်ယူရဲ့ ကစားသမားတွေဖြစ်တဲ့ ကက်စ်မီရို၊ မာရှယ်၊ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်၊ ဆန်ချိုနဲ့ ဗာရန်းတို့ ကိုခေါ်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ကက်စ်မီရိုကိုတော့ ရောင်းလိုက်တာနဲ့ မန်ယူဟာ အသင်းအတွက် လိုအပ်ချက်ရှိနေတဲ့ ငွေကြေးကိစ္စ အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ပေးနိုင်မှာ ဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း အခုထက် ပိုများတဲ့ လုပ်ခ လစာမျိုး ရမှာဖြစ်တဲ့အတွက် အသက် ၃၁ နှစ်အရွယ် ဘရာဇီးသား အတွက်ရော မန်ယူအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာပါ။
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနဲ့အတူ ဂုဏ်သိက္ခာမြင့် မားတဲ့ ဆုဖလားမျိုး မရသေးပေမဲ့လည်း ဆော်ဒီပရိုလိဂ်ဘက်က နေပြီး မြင့်မားတဲ့ လုပ်ခလစာအပြင် အဆင့်မြင့်ဇိမ်ခံ အဆောင် အယောင်တွေနဲ့ ကမ်းလှမ်းတာမျိုးတွေ လုပ်လာတဲ့အခါ တောင့်ခံ နိုင်ပါ့မလားဆိုတာကလည်း စောင့်ကြည့်ရဦးမှာပါ။
ဒါ့အပြင် မန်ယူ ရဲ့ အပယ်ခံ ကစားသမား ဆန်ချိုနဲ့ မာရှယ်တို့ဟာလည်း ဆော်ဒီကလပ်တွေရဲ့ ရေဒါတွေထဲကို ရောက်နေပြီးသားပါ။
တစ်ဆက်တည်းမှာပဲ ပုံမှန်ပွဲထွက်ခွင့်မရလို့ မပျော်မရွှင်ဖြစ်နေတဲ့ နောက်ခံလူ ဗာရန်းဟာလည်း ဆော်ဒီပရိုလိဂ်ကို အနှေးနဲ့ အမြန်ဆို သလို ရောက်သွားနိုင်နေပါတယ်။
ဗာရန်း ဟာ ဥရောပမှာ ရီးရဲလ်နဲ့အတူ မရဖူးတဲ့ ဆုဖလား တစ်လုံးမှ မရှိတော့ တဲ့အပြင် ဘယ်ကစားသမားမှ မရဖူးသေးတဲ့ ချန်ပီယံလိဂ် ၃ ရာသီ ဆက်တိုက် ချန်ပီယံဆိုတဲ့ သမိုင်းကိုလည်း အိတ်ကပ်ထဲ ထည့်ထား ပြီးသားပါ။
ဒါကြောင့် သူ့အတွက် အောင်မြင်မှုဆိုတာ မလိုတော့တဲ့ အချိန်မှာ ငွေကြေးကိစ္စက အကြောင်းဖန်လာဖို့ရှိနေပြီဖြစ်ပါတယ်။
အခု ပြောခဲ့တဲ့ မန်ယူကစားသမား ၅ ယောက်ကို အဓိက စောင့်ကြည့်နေတဲ့ ကလပ်တွေဟာ ဆော်ဒီ ပြည်သူ့ငွေရေးကြေးရေးရန်ပုံငွေအဖွဲ့ (PIF) က ကျောထောက် နောက်ခံ ပေးထားတဲ့အတွက် ဘာမဆို ဖြစ်သွားနိုင်တာမျိုး ရှိပါ တယ်။
ဒါကြောင့် လာမယ့် ဇန်နဝါရီမှာတော့ ဆော်ဒီပရိုလိဂ်ဆီကို မန်ယူကစားသမားတွေ အစုလိုက်အပြုံလိုက် ပြောင်းသွားမှာလား ဆိုတာ ရင်ခုန် စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။