လုခ်ရှော ပြန်လာပါပြီ
ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူ လုခ်ရှောတစ်ယောက် အသင်းနဲ့ ပြန်လည် လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ကြွက်သားဒဏ်ရာကြောင့် ၃ လခန့် အနားယူနေရတဲ့ လုခ်ရှောဟာ ယနေ့မနက်က စတင်ကာ အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းလာနိုင်ခဲ့တာ ဖြစ်ပြီး နောက်တန်းပိုင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တန်ဟတ်ဂ်အတွက်တော့ စိတ်အေးစရာ သတင်းတစ်ပုဒ် ဖြစ်လာစေခဲ့ပါတယ်။

လုခ်ရှောဟာ ပြီးခဲ့တဲ့ သြဂုတ်လ စပါးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ပြီးကတည်းက အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခြင်း မရှိတော့တာ ဖြစ်ပြီး လာမယ့် အဲဗာတန်နဲ့ ပွဲမှာ စတင်ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ လုခ်ရှောဟာ မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ရဲ့ စိတ်တိုင်းကျ နောက်ခံအစွန်လူ တစ်ယောက်ဖြစ်သလို အခြားနောက်ခံအစွန်လူ မာလာစီယာတစ်ယောက် ဒဏ်ရာမှ ပြန်လည် မသက်သာလာသေးချိန်မှာ ယခုလို အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့တာကြောင့် အသင်းအတွက် အတော်လေးကို အားရှိလာစေခဲ့မှာ ဖြစ်ပါတယ်။
မန်ယူအသင်း အဓိက ကွင်းလယ်လူ အဲရစ်ဆင် နဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းတို့ ၂ ယောက်စလုံး မကြာသေးခင်ကမှ ဒဏ်ရာ ရရှိထားတာကြောင့် လာမယ့် အဲဗာတန်နဲ့ ပွဲမှာ ပါဝင်လာနိုင်ဖွယ် မရှိသေးပဲ ဂါလာတာစာရေးနဲ့ ပွဲစဉ်မှာတော့ ပြန်လည် ပါဝင်လာနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။