ပက်နဲ့ ကလော့ပ် တို့ နှစ်ယောက်ထဲက ဘယ်သူ့ကို မန်ယူ နည်းပြ ဖြစ်စေချင်သလဲ ဖြေကြားလာတဲ့ ဂယ်ရီ နဗီးလ်

ဒီတပတ် မန်စီးတီး – လီဗာပူးပွဲ ရှိနေပြီး ပရီးမီးယားလိဂ် ထိပ်တန်း နည်းပြနှစ်ဦး ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်နေ ချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဖြစ် ပက်ဂွါဒီယိုလာနဲ့ ယာဂင်ကလော့ပ်ထဲ ဘယ်သူ့ကို ပိုမြင်ချင်သလဲ ဆိုတာ ဂယ်ရီ နဗီးလ်က ပြောဆိုလာပါတယ်။

ဒီ လာမယ့်စနေနေ့၊ အီတီဟတ်ကွင်းမှာ ပက်ရဲ့မန်စီးတီးက ကလော့ပ်ရဲ့လီဗာပူးကို ဧည့်ခံကစားရမှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ခြောက်နှစ်တာကာလအတွင်း အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ သူတို့နှစ်ဦးကို ဒီဘက်ခေတ်ရဲ့ အကောင်းဆုံးနည်းပြနှစ်ဦးအဖြစ် ကာလရှည်သတ်မှတ်ထားခဲ့ကြပါတယ်။

သူတို့နှစ်ဦး ကိုင်တွယ်နေတဲ့အသင်းတွေက မန်ချက်စတာယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သရဲနီ အမာခံပရိသတ်ကြီးတွေတောင် ယာဂန်ကလော့ပ်နဲ့ ပက်ဂွါဒီယိုလာတို့ရဲ့ အောင်မြင်မှုနဲ့ ပါရမီပြည့်ဝမှုကို လက်ခံထားကြပါတယ်။

အခုလိုအခြေအနေမှာ ဂယ်ရီနဗီးလ်လည်း တကယ်လို့သာ ဖြစ်လာမယ် ဆိုရင် ပက်နဲ့ ကလော့ပ်တို့ နှစ်ယောက်ထဲ ဘယ်သူ့ကို မန်ယူအသင်းအား ကိုင်တွယ်စေချင်သလဲဆိုတဲ့မေးခွန်း အပေါ် အခုလိုပဲ ပြန်ဖြေကြားလာပါတယ်။

ဂယ်ရီနဗီးလ်က “ယာဂန်ကလော့ပ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ကလော့ပ်က ပက်ဂွါဒီယိုထက် အများကြီးနည်းပါးတဲ့ ဘတ်ဂျက်ပိုင်းနဲ့ အလုပ်လုပ်ကိုင်သူ ဖြစ်ပါတယ်။ ပက်ဂွါဒီယိုလာကလည်း ပါရမီရှင်တစ်ဦးဖြစ်ပြီး အမြဲတမ်း အမှတ်ရ နေရမယ့်သူတွေအနက် တစ်ဦးဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် ကျွန်တော့်အတွက်တော့ ယာဂန်ကလော့ပ်က အံ့ဖွယ်နည်းပြတစ်ဦးဖြစ်ပါတယ်။ မနက်ဖြန်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ဘယ်နည်းပြကို ခေါ်ဆောင်လာချင်လဲလို့ မေးလာရင်တော့ ယာဂန်ကလော့ပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးကလည်း သူ့ကို ဘယ်တော့မှ ထွက်ခွာခွင့်ပေးမှာ မဟုတ်ပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။

နဗီးလ်ကတော့ လက်ရှိယူနိုက်တက်နည်းပြတန်ဟက်ကို ကမ္ဘာ့အကောင်းဆုံးနည်းပြ စာရင်းမှာ မထည့်သွင်းခဲ့ပါဘူး။ တန်ဟက်ရဲ့အသင်းက လက်ရှိမှာ ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာရှိ မန်စီးတီးနဲ့ ရမှတ်ခုနစ်အထိ ကွာဟနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

လာမယ့်တနင်္ဂနွေနေ့၊ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် က သူတို့ရဲ့မဟာပြိုင်ဘက်တွေနဲ့ ရမှတ်ကွာဟနေမှုကို လျှော့ချနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။