မက်ဂွိုင်းယား နာမည် ကို လွှတ်တော်မှာ ထည့်ပြောပြီး လှောင်ပြောင်ခဲ့တဲ့ အမတ်ကတော့ ပြန် တောင်းပန်သွားပါပြီ
ဟယ်ရီ မက်ဂွိုင်းယား ကို ပေါ်တင်ကြီး လှောင်ပြောင်ခဲ့တဲ့ ဂါနာ လွှတ်တော်ကိုယ်စားလှယ် အိုင်းဆက် အဒွန်ဂို ကတော့ ပြန် တောင်းပန် စကားဆိုခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အဒွန်ဂိုဟာ ပါလီမန်အစည်းအဝေးအတွင်း ၎င်းရဲ့ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ စီးပွားရေး ပေါ်လစီ တွေကို ဝေဖန်ပြောဆိုရာမှာ အင်္ဂလန်နောက်ခံလူကို မဆီမဆိုင် ဆွဲထည့်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂါနာရဲ့ ဒုတိယသမ္မတ မဟာမူဒူ ဘာဝူမီယာကို ဟာရီ မက်ဂွိုင်းယားနဲ့ နှိုင်းယှဉ်ပြီး နိုင်ငံရေး Own Goal တွေ သွင်းယူနေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ဟာရီ မက်ဂွိုင်းယားလို့ ခေါ်တဲ့ ခင်ဗျားလိုမျိုး ကစားသမား ရှိတယ်။ သူက မန်ချက်စတာယူနိုက်တက်ရဲ့ခံစစ် အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာခဲ့တယ်။
ကိုယ့်အသင်းသားအချင်းချင်း ဖျက်ထုတ်ပြီး ပြိုင်ဘက်ကို ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနေတယ်။ ပြိုင်ဘက်တွေ ဂိုး မသွင်းနိုင်ရင်တောင်မှ မက်ဂွိုင်းယားက သူတို့အတွက် ဂိုးသွင်းပေးတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဒွန်ဂိုရဲ့ မှတ်ချက်ဟာ ဟာရီ မက်ဂွိုင်းယား မန်ချက်စတာယူနိုက်တက်မှာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး နည်းပြ အဲရစ် တန်ဟက်လက်အောက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီးနောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အင်္ဂါနေ့မှာတော့ အဒွန်ဂိုက မက်ဂွိုင်းယားကို အဲဒီလို မှတ်ချက်ပေးခဲ့မိတဲ့အတွက် တောင်းပန်တယ်လို့ ပြောဆိုခဲ့ပြီး အင်္ဂလန် နောက်ခံကစားသမားဟာ အသွင်ကူးပြောင်းနိုင်တဲ့ ကစားသမားလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။
မက်ဂွိုင်းယားက လက်ရှိမှာတော့ ဂါနာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တောင်းပန်စကားကို လက်ခံခဲ့ပြီဖြစ်ပြီး အဒွန်ဂိုရဲ့ နောက်ဆုံးမှတ်ချက်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်ကို “ လွှတ်တော်ကိုယ်စားလှယ် အိုင်းဆက် အဒွန်ဂိုရဲ့ တောင်းပန်မှုကို လက်ခံပါတယ်။ မကြာခင် အိုးထရက်ဖို့ဒ်မှာ တွေ့ကြတာပေါ့”လို့ X ပေါ်မှာ ရေးသားပြီး တုံ့ပြန်ခဲ့ပါတယ်။