ကျောနံပါတ် ၇ ဝတ်ပြီး ဖိအားတွေ များနေလို့ မန်ယူ ကစားသမားဘဝကို မေဆင်မောင့် စိတ်ပျက်နေပြီ သတင်းထွက်လာ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မေဆင်မောင့်ဟာ ၎င်းရဲ့ယူနိုက်တက်ကစားသမားဘဝကို စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ယူနိုက်တက်ကလည်း စိတ်ပျက်ဖွယ်ရာသီစတင်မှုနဲ့ကြုံတွေ့ထားရတာဖြစ်ပါတယ်။

ချဲလ်ဆီးအကယ်ဒမီထွက် ပရိသတ်အချစ်တော်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက စတန်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ပြောင်းရွှေ့ကြေးကြီးကြီးမားနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာခဲ့ပါတယ်။

မောင့်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရန်ငြင်းဆိုခဲ့ပြီး လုပ်ခလစာပိုမိုရရှိနိုင်တဲ့ ယူနိုက်တက်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ၎င်းရဲ့ ယူနိုက်တက်ကစားသမားဘဝကို အကြီးအကျယ်စိတ်ပျက်နေပြီဖြစ်တယ်လို့ နာမည်ကြီး The Athletic သတင်း အဆိုအရသိရပါတယ်။

မောင့်ဟာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ခဲ့သော်လည်း ယခုအခါမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားရမှာ အဆင်မပြေဖြစ်နေတဲ့ မောင့်ဟာ ဘရူနိုဖာနန်ဒက်စ်နဲ့ ကစားပုံတူညီနေတာကြောင့် ပွဲထွက်ခွင့်ရရှိဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

ချဲလ်ဆီးမှာ တောက်ပတဲ့ခြေစွမ်းတွေပြသခဲ့တဲ့ မေဆင်မောင့်ကို ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်က အပိုဆုကြေး ပေါင် ၅ သန်း အပါအဝင် စုစုပေါင်း ပေါင်သန်း ၆၀ နဲ့ခေါ်ယူခဲ့ပြီး အပိုတစ်နှစ်ရွေးချယ်ခွင့်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကစားသမားဟာ ယူနိုက်တက်အတွက် ၁၂ ပွဲကစားထားပြီး ဂိုးဖန်တီးမှုူ ၁ ကြိမ်ပြုလုပ်ထားကာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။

နည်းပြ တန်ဟက်ဟာ မောင့်ကို ယူနိုက်တက်ရဲ့ ဂန္ထဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၇ ကို ဆက်ခံစေခဲ့သော်လည်း ကစားသမားဟာ မျှော်လင့်ထားသလောက်ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုပါခံခဲ့ရတာဖြစ်ပါတယ်။

ကနဦးက အသက်-၂၄ နှစ်အရွယ် ကစားသမားဟာ ကျောနံပါတ် ၇ ရဲ့ဖိအားကို နားလည်ကြောင်းနဲ့ အခုလို ဖိအားတွေရှိနေတာက တွန်းအားဖြစ်စေကြောင်း ပြောကြားခဲ့သော်လည်း ယခုအခါမှာတော့ ၎င်းရဲ့ ဆိုးရွားတဲ့ ယူနိုက်တက် ကစားသမားဘဝအစကို စိတ်ပျက်လာခဲ့တာဖြစ်ပါတယ်။