မန်ယူအသင်းမှာ နည်းပြ တန်ဟက်နဲ့ အဆင်မပြေ ဖြစ်လာတဲ့ နောက်ထပ် ကြယ်ပွင့် ကစားသမား ရှိလာပြန်ပါပြီ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်နဲ့ နောက်ထပ် အဆင်မပြေ ဖြစ်တဲ့ ကြယ်ပွင့် ကစားသမား တစ်ဦးကတော့ ထပ်မံ ထွက်ပေါ်လာပြန်ပါပြီ။

တန်ဟက် ဟာ မန်ချက်စတာ ယူနိုက်တက်မှာ နာမည်ကြီး ကြယ်ပွင့်တွေ ဖြစ်ခဲ့ကြတဲ့ စီ ရော်နယ်ဒို၊ ဒီဂီယာ၊ လက်ရှိမှာ ဆန်ချို အပြင် နောက်ထပ် ဗာရန်းနဲ့ပါ အဆင်မပြေ ဖြစ်လာပြန်တာပါ။

တန်ဟက် နဲ့ နောက်ခံ ကစားသမား ရာဖယ်လ် ဗာရန်းတို့ရဲ့ကြား ဆက်ဆံရေးပိုင်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဗာရန်းကလည်း ယူနိုက်တက်ကနေ ထွက်ခွာချင်နေတယ်လို့ သိရှိရပါတယ်။

လတ်တလောမှာ ပြင်သစ် လက်ရွေးစင် ဝါရင့်နောက်ခံလူ ဗာရန်းနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့ပေမယ့် တကယ်လို့ အသင်းပြောင်းမယ်ဆိုရင် လာမယ့်နွေမှသာ အပြောင်းအရွှေ့ ဖြစ်လိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ဗာရန်း နဲ့ နည်းပြ တန်ဟက်တို့ကြားမှာ ဆက်ဆံရေး အဖုအထစ်တွေ ရှိလာခဲ့ရပြီး မန်ချက်စတာဒါဘီ ပွဲစဉ်အတွင်း သူ့ကို ကစားခွင့် မပေးခဲ့တာနဲ့ ပတ်သက်ပြီး ဗာရန်းက တန်ဟက် ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မပျော်မရွှင် ဖြစ်လာခဲ့ရပါတယ်။

ပိုဆိုးတာက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အောင်မြင်မှု ဆုဖလား များစွာ ရယူခဲ့တဲ့ ဗာရန်းက ဂျွန်နီ အီဗန်စ်လို ကစားသမားမျိုးရဲ့ အရန်ကစားသမား ဖြစ်နေရခြင်းကို လက်မခံနိုင်တာကြောင့် အခုလို တန်ဟက်ဂ်နဲ့ အဆင်မပြေ ဖြစ်လာခဲ့ရပါတယ်။

လက်ရှိမှာတော့ ဗာရန်းက ဒီဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေပြီး ဘိုင်ယန်မြူးနစ်ကလည်း သူ့ကို ခေါ်ယူချင်နေသလို ဆော်ဒီကလပ်အသင်းတွေကလည်း ဗာရန်းရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေကြပါတယ်။

ဒါပေမယ့် တန်ဟက်ကတော့ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေခြင်းနဲ့ ရှေ့လျှောက် ပွဲဆက်များစွာ ကစားရတော့မယ့် အခြေအနေမျိုးမှာ ဗာရန်းကို လက်လွတ်မသွားချင်သေးပဲ အနည်းဆုံး ဒီရာသီအကုန်အထိ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။