အဲဗာတန်က မန်ယူကို ၃-ဝ နဲ့ အနိုင်ကန်မှာ ဆိုတဲ့ အီယန်ရိုက်၊ သူတို့က သောက် ဘာစီလိုနာလား ဆိုတဲ့ ရွိုင်ကိန်း
ဒီအပတ် ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အဲဗာတန်က အနိုင်ယူသွားလိမ့်မယ်ဆိုတဲ့ အီယန် ရိုက်ရဲ့ သုံးသပ်ခန့်မှန်းချက် အပေါ် သရဲနီဟောင်းကြီး ရွိုင်ကိန်း ကတော့ အံ့အားသင့်နေပြီး တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ် လာပါတယ်။
နိုဝင်ဘာလထဲ နိုင်ငံတကာပွဲတွေ အပြီးမှာ မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဂွတ်ဒီဆင်ပါ့ခ်ကို သွားရောက်ပြီး အဲဗာတန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ရှောင် ဒိုက်ချ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ စည်းမျဉ်း ချိုးဖောက်မှုကြောင့် ၁၀ မှတ်အလျှော့ခံ ထားရတာပါ။

ဒါကြောင့် အဲဗာတန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေမှာ ဘန်လေနဲ့အတူ ရမှတ် ၄ မှတ်နဲ့ ပူးတွဲ ရပ်တည် နေခဲ့ရတာဖြစ်ပြီး ရှောင်ဒိုက်ချ်ရဲ့အသင်းက ပြီးခဲ့တဲ့အပတ်မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အယူခံ ဝင်သွားမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံး ၄ ပွဲမှာ ရှုံးပွဲမရှိခဲ့တဲ့ အဲဗာတန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ပဲလေ့စ်အိမ်ကွင်းမှာ အနိုင်ရခဲ့သလို ဘရိုက်တန်ကိုလည်း သရေကစားနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က အိမ်ကွင်းပရိသတ်တွေဟာ ၎င်းတို့ရဲ့ တရားစွပ်စွဲခံထားရတဲ့အသင်းကို အားပေး ထောက်ခံသွားမှာဖြစ်တာကြောင့် ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရနိုင်ပြီး ရွိုင်ကိန်း နဲ့အတူ ပွဲကြိုသုံးသပ်ရာမှာ အဲဗာတန်က ၃-၁ သို့မဟုတ် ၃-၀ နဲ့ အနိုင်ရသွားမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း က လက်မခံခဲ့ဘဲ ခုလို တုန့်ပြန်ခဲ့တာပါ။
ရွိုင်ကိန်း က “ပတ်ဝန်းကျင် အခြေအနေတွေက သူတို့ကို သောက် ဘာစီလိုနာအဖြစ်နဲ့ ပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး။ ဒီလူတွေနဲ့ ဒီတိုင်းပဲ ဖြစ်နေဦးမှာပဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အီယန် ရိုက်က ဆက်လက်ပြီး “ဒီအဲဗာတန်အသင်းက ဒီယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့အချိန်မှာ ခံစားနေရမယ့် ပုံစံကြောင့် ကျွန်တော်ကတော့ သူတို့ကို ပိုသဘောကျတယ်။ ကျွန်တော်ကတော့ အဲဗာတန် ၃-၁ အနိုင်ရမယ့်ဘက်က ရှိတယ်။ မဟုတ်ဘူး ၃-ဝ နဲ့ အနိုင်ရမှာ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မယုံနိုင်ဟန်နဲ့ ရွိုင်ကိန်း က “မန်ယူနိုက်တက်သာ ပထမဆုံးဂိုးကိုသာ သွင်းယူခဲ့ရင် သူတို့တွေ သူတို့ကို လှောင်ပြောင် ကြလိမ့်မယ်။ အဲဗာတန်က စိတ်ဓာတ်ကျသွားမယ်။ အားလုံးက ဒီသတင်းဆိုးကြောင့် သူတို့တွေ ဘာစီလိုနာမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်ကြမယ်။ အိမ်ကွင်းမှာတောင်မှ သူတို့တွေက နည်းနည်း စိတ်မချရတဲ့အနေအထား ဖြစ်နေတုန်းပါပဲ”လို့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။