ဇာခါ သတင်းကောင်း၊ အိုဇေးလ်ကို သတိပေးလိုက်သူနဲ့ ယနေ့ အာဆင်နယ် သတင်းများ
တူရကီထိပ်သီးကလပ် ဖီနာဘာချီဥက္ကဋ္ဌ Ali Koc က အိုဇေးလ်အနေနဲ့ စီးပွားရေးထက်စာရင် ဘောလုံးကိုသာ အာရုံ စိုက်သင့်ကြောင်း၊ အိုဇေးလ် အနေနဲ့ ပွဲကစားခွင့်ပိုပြီး ရလိုနေကြောင်း၊ သူ့အနေနဲ့ လက်ရှိမှာအာရုံပျံ့နေကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ဂန္ထ၀င်ဟောင်း အီယန်ရိုက်က လူငယ်ကြယ်ပွင့် စမစ်ရိုဝီ အနေနဲ့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရစဉ်တုန်းက သူ့အနေနဲ့ ဘယ်လိုအကြံဥာဏ်မျိုး ပေးဖြစ်ခဲ့သလဲဆိုတာ ဖွင့်ဟခဲ့ပါတယ်။
“သူ့ကို ကျွန်တော်ဂိုးပေါက်ကန်သွင်းမှု ပိုမိုပြုလုပ်ဖို့ ပြောခဲ့တယ်။ အခုတော့ သူက ကျွန်တော်တို့လိုအပ်နေတဲ့ဂိုးတွေ သွင်းပေးနိုင်ပါပြီ”လို့ အီယန်ရိုက်က ဆိုခဲ့ပါတယ်။

အာဆင်နယ်လူငယ်တိုက်စစ်မှူး ဘာလိုဂန်က သူ့အနေနဲ့ လူငယ်အဆင့်ပြိုင်ပွဲမှာ ဂိုးများစွာ သွင်းယူထားကြောင်း၊ သူ့အနေနဲ့ ပထမ အသင်းမှာ ကစားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင် လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဘာလိုဂန်က သူ့ကို ပထမအသင်းမှာ နေရာမပေးနိုင်ရင် အငှားစေလွှတ်ပေးဖို့ အလိုရှိနေတာပါ။
အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်က အခါးသီးဆုံး လန်ဒန်မြို့ခံပြိုင်ဘက် စပါးအနေနဲ့ ကွန်တီကို ခန့်အပ်လိုက်တဲ့ အပေါ် လှောင်ပြောင်ခဲ့ပါတယ်။ ကွန်တီအနေနဲ့ စပါးနည်းပြသစ် ဖြစ်လာပြီလို့ သတင်းကြားကြားချင်း ဘယ်လို တွေးမိလဲ လို့ အမေးခံခဲ့ရစဉ်မှာ အူဘာမီယန်က “ငါ ဂရုမစိုက်ဘူးကွာ”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကွင်းလယ်လူ ဇာခါ ရဲ့ ဒဏ်ရာအခြေအနေဟာ တိုးတက်မှု ရှိနေပြီး ပြန်လည်သက်သာရေး ကနဦးအဆင့်တွေကို လုပ်ဆောင်နေကြောင်း နှစ်ကုန်ပိုင်းလောက်မှာ လေ့ကျင့်ရေး အပြည့်အ၀ ဆင်းနိုင်ဖို့ မျှော်လင့်ရကြောင်း သိရပါတယ်။

အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရိုဝီက အင်္ဂလန်ဂန္ထ၀င်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ ငယ်ဘ၀ ဟီးရိုး ဖြစ်ကြောင်း၊ ဘက်ခမ်းရဲ့ set-pieces တွေ၊ ဖရီးကစ်ကန်ပုံတွေကို ကြိုက်နှစ်သက်မှု ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
စီးရီးအေ ကလပ် ရိုးမားအနေနဲ့ အာဆင်နယ်နောက်ခံလူ ချိန်ဘာကို ခေါ်ယူဖို့ အခွင့်အရေး ရရှိခဲ့ကြောင်း အီတလီ သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမဲ့ နည်းပြမော်ရင်ဟိုကတော့ ချိန်ဘာထက် မန်ယူနောက်ခံလူ ဒါလော့ကိုသာ ဦးစားပေး အလိုရှိနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးလာကာဇက်နေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ် ကစားသမား စာရင်းထဲမှာ ၀ုဖ်ဘတ်တိုက်စစ်မှူး ၀က်ဟော့ခ်ျကိုလည်း ထည့်သွင်းထားပါတယ်။ ၁၉ နှစ်အရွယ်တိုက်စစ်မှူးကို တခြား ဥရောပ ထိပ်သီးတွေကလည်း ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။