မန်ယူ အတွက် ပြန်ကစားမယ် ကြံခါမှ တစ်လလောက် ထပ် နားရမယ့် ဒဏ်ရာ ရသွားပြန်တဲ့ မေဆန်မောင့်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မေဆင်မောင့်ဟာ ဒဏ်ရာ ထပ်မံရရှိခဲ့တာကြောင့် သီတင်းပတ် ၃-၄ ပတ်လောက်ကို ထပ်နားရတော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ချဲလ်ဆီးကနေ ပေါင်သန်း၆၀နဲ့ ရောက်ရှိလာပြီးနောက် မောင့်ဟာ ဆိုးရွားတဲ့ရာသီအစကို ပိုင်ဆိုင်ထားပြီး သြဂုတ်လကလည်း ဒဏ်ရာကြောင့် ရာသီအစောပိုင်းမှာတင် ၆ ပွဲထိ လွဲချော်ပြီး ဖြစ်ပါတယ်။

မောင့်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် မနက်ဖြန်ည အဲဗာတန်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ မျှော်မှန်းထားခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန် သတင်းတွေရဲ့ အဆိုအရမောင့်ဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် တစ်လလောက် နားရနိုင်တယ်လို့ သိရပါတယ်။

အဲဗာတန်နဲ့ပွဲမတိုင်ခင် နည်းပြတန်ဟတ်က “မောင့်ဟာ ဒဏ်ရာပြဿနာရှိနေတာကြောင့် ဒီပွဲမှာ ပါဝင်နိုင်မှုရှိမရှိဆိုတာ စစ်ဆေးရပါမယ်”လို့ ပြောသွားခဲ့ပါတယ်။

မောင့်ဟာ ယခုလို ဒဏ်ရာထပ်ရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီဇင်ဘာလထဲ အရေးကြီးပွဲစဉ်တွေကို လွဲချော်သွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆုံးအဖြတ်ပွဲစဉ်တွေအဖြစ် ဂါလာတာစာရေး၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ကစားဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း အဲဗာတန်၊ နယူးကာဆယ်၊ ချဲလ်ဆီး၊ ဘုန်းမောက်၊ လီဗာပူး၊ ဝက်စ်ဟမ်းတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မောင့်သာ တစ်လလုံးအပြည့်နားရမယ်ဆိုရင် အက်စတွန်ဗီလာနဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာတော့ ပြန်လည် ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။