ပွဲကြပ် ၃ ပွဲ ဆက်တိုက် ကစားရတဲ့ ပွဲစဉ် ရေးဆွဲမှု အပေါ် မကျေနပ်ဘဲ ပွားနေတဲ့ မန်ယူ နည်းပြ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်အတွင်း အဲဗာတန်နဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေး၊ အဲဒီနောက် နယူးကာဆယ်တို့နဲ့ ၃ ပွဲဆက် ကစားရဖို့ ရှိနေတာကြောင့် အဲရစ်တန်ဟက်က ပွဲစဉ် အချိန်ဇယားအပေါ် ဝေဖန်မှုပြုလုပ်လာခဲ့ပါတယ်။

တန်ဟက်က “မန်နေဂျာတိုင်းက ပွဲအချိန်ဇယားတွေနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိကြပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သောမတ်စ် တူချယ်ပြောခဲ့တဲ့အတိုင်း အချိန်ဇယားက အကန့်အသတ်ထက်ကျော်လွန်နေပါပြီ။

နောက်နှစ်ကျရင် ကျွန်တော်တို့ ၂ ပွဲပိုပြီး ကစားရမှာကြောင့် ကစားသမားတွေအနေနဲ့ သူတို့ကိုင်တွယ်နိုင်တဲ့ပမာဏကို ကျော်လွန်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပအပြီး ၁၈ လအကြာ နောက်နှစ်နွေရာသီမှာ ဂျာမနီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတွေဟာ ဒီနှစ်အတွင်းနှာပဲ နိုင်ငံတကာပွဲစဉ်တွေကို ၃ ကြိမ် အထိ ကစားထားရတာဖြစ်ပါတယ်။

တန်ဟက်က “ဒီရာသီ ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲအရ မနှစ်ကနဲ့နှိုင်းယှဉ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ စံနှုန်းတွေပိုမြင့်မားလာပါတယ်။ ဒါကြောင့် ကစားသမားတွေအနေနဲ့ လေ့ကျင့်ရေးတွေနဲ့ ပွဲစဉ်တွေကြား အခက်အခဲတွေကြုံတွေ့နေရပါတယ်။

ကျွန်တော်တို့ဒါကို ပါးပါးနပ်နပ်ကိုင်တွယ်မှရပါမယ်။ အသင်းကို ကိုင်တွယ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက အရမ်းအရေးကြီးပါတယ်။ ပွဲကစားဖို့ လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာစံနှုန်းတွေရှိဖို့လိုတာကြောင့် ဒါကို တိတိကျကျ သတ်မှတ်ထားရပါတယ်” လို့ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီညမှာ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပြီး မာဆေးဆိုဒ်သားတွေကလည်း ၁ဝ မှတ် လျှော့ ပြစ်ဒဏ် ချခံလိုက်ရတာကြောင့် ရုန်း ကစားလာဖို့ ရှိနေပါတယ်။ နည်းပြတန်ဟက်က ပွဲပယ် မိနေတာကြောင့် ဒီပွဲကို ကွင်းဘေးကနေ ကြီးကြပ်နိုင်မှာ မဟုတ်ပါဘူး။