ဂါနာချို အလန်းစား သွင်းဂိုး အပါဝင် ဂိုးပြတ် သွင်းပြီး အဲဗာတန်ကို မန်ယူ အနိုင်ယူကာ အဆင့်တွေ တက်လာပါပြီ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္ဂနွေနေ့ည အဲဗာတန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်တဲ့ ပွဲမှာ ၃-ဝ နဲ့ ဂိုးပြတ် နိုင်ပွဲ ရခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူက ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ လုခ် ရှောတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မက်တော်မီနေး၊ မိုင်နူးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂါနာချို၊ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃ မိနစ်မှာကတည်းက မန်ယူတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ် ပေးတာကို ဒါလော့က ညာတောင်ပံကနေ ဂိုးရှေ့ကို အမြင့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ အသင့်နေရာယူထားခဲ့တဲ့ ဂါနာချိုက ဝိန်းရွန်နီနဲ့ ရော်နယ်လ်ဒိုတို့ထက်တောင် ပိုကောင်းနေဦးမယ့် လေထဲက နောက်ပြန်ကန်ချက်နဲ့ သွင်းယူသွားခဲ့တာကြောင့် ပစ်ခ်ဖို့ဒ် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

မန်ယူတို့ ဒီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကစားကွက်ပိုင်းမှာတော့ လောက်လောက်လားလား လုပ်မပြနိုင်ခဲ့သလို တစ်ဦးချင်း စွမ်းရည်တွေနဲ့ပဲ ကစားနေခဲ့ရပြီး အဲဗာတန်တို့ကလည်း ပထမပိုင်းမှာ ပိုဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရှေ့ရောက်တာနဲ့ ပိုလီယို လေဖြတ်သလိုဖြစ်သွားကြပြီး ချိုမိုင်မိုင်ဖြစ်နေခဲ့ကြလို့ ဂွတ်ဒီဆန်ပါ့ခ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဧည့်သည်တွေ ဦးဆောင်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဧရိယာထဲ ဆွဲဝင်လာတဲ့ မာစီယယ်လ်ကို အက်ရှ်လီယန်း ခြေထိုးခံမိခဲ့ရာမှာ ဒိုင်လူကြီးက ကနဦးမှာ ဒိုက်ဗင်ထိုးတယ်ဆိုပြီး အဝါပြခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ အမှန်တကယ် ငြိခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ ရက်ရှ်ဖို့ဒ်က ညာဘက်အပေါ်ထောင့်ကို ကန်သွင်းရယူသွားနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

အဲဗာတန်နည်းပြ ရှောင်ဒိုက်ချ်အနေနဲ့ ပရီးမီးယားလိဂ်အသင်းတွေကို ကိုင်သင့်တဲ့ အတွေးအခေါ်၊ ကစားကွက် ပုံဖော်မှုနဲ့ မော်ဒန်ဆန်မှုမျိုး တစ်ခုမှ ရှိမနေတာကြောင့် သူတို့ရဲ့ ပုံစံတွေက စိတ်ပျက်စရာပဲဖြစ်နေခဲ့ပြီး တိုက်စစ်မှာ ဟင်ဟာတောက်ကျွတ်အဆင့်နဲ့ပဲ ပြီးသွားခဲ့ရသလို ဘယ်သူ့ကိုပဲ ပြောင်းပြောင်း အိုင်ဒီယာ မပြောင်းတာကြောင့် အိုနာနာတို့အဖွဲ့ကို ကျော်ဖြတ်ပြီး ဂိုးပြန်ရဖို့လည်း မဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ မန်ယူတို့ပဲ တတိယ အနိုင်ဂိုးကို ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ တရားလွန်တက်ဖိပြီး အလုပ်မဖြစ်တဲ့ အဲဗာတန်တို့ကို ညာခြမ်းကနေ ကောင်တာပြန်ဝင်ခဲ့ရာမှာ ဘရူနို ဖာနန်ဒက်စ်က ဧရိယာထဲကို ခင်းပေးလိုက်တဲ့ ဘောလုံးကို မာစီယယ်လ်က ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ တစ်ဦးချင်း အတွေ့မှာ အသာလေး ကျော် သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က အဲဗာတန်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင် ရယူသွားခဲ့ကြပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ပြန်လည်တက်လှမ်းလာပါတယ်။