ဂွါဒီယိုလာ တောင် လိုချင်နေမယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမားလေး အကြောင်း နဗီး အမွှန်းတင် ချီးကျူး

သရဲနီဟောင်းကြီး ဂယ်ရီ နဗီးကတော့ နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့ သူရဲ့ မန်စီးတီးအသင်း ကွင်းလယ်မှာ ယူနိုက်တက် ကြယ်ပွင့် မိုင်နူး ကို လိုချင်နေလိမ့်မယ်လို့ ပြောဆိုနေပါတယ်။

မိုင်နူး ဟာ တနင်္ဂနွေနေ့က ဂွတ်ဒီဆင်ပါ့ခ်မှာ မန်ချက်စတာယူနိုက်တက်က အဲဗာတန်ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင် ရခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးသော ပရီးမီးယားလိဂ် ပွဲထွက်ပါဝင်ကစားခွင့် ပေးအပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ တာကြောင့် ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားလို့ ချီးကျူး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးဟာ အဲဗာတန်နဲ့ပွဲက မိုင်နူး ရဲ့ ခြေစွမ်းကို သဘောကျခဲ့ပြီ မန်ချက်စတာ ယူနိုက်တက် လူငယ် ကွင်းလယ် ကစားသမားဟာ ဂွါဒီယိုလာရဲ့ လက်အောက် မန်စီးတီးအသင်းထဲမှာဆိုရင်လည်း နေရာရနိုင်တယ်လို့ ယူဆ ပြောဆို လာတာ ဖြစ်ပါတယ်။

“ မိုင်နူး က အထင်ကြီးစရာခြေစွမ်း ပြခဲ့ပြီး အဲဒါကြောင့် စိတ်မလှုပ်ရှားဘဲနေစရာအကြောင်းမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူက အသက် ၁၇ ပဲရှိသေးလို့ပါ။ သူ့ရှေ့မှာ ၁၈ နှစ်လောက်ရှိနေသေးပြီး သူ လုပ်စရာတွေ အများကြီး ရှိပါတယ်။

ဒါပေမယ့် တစ်ခါတလေ ခင်ဗျား ပထမဆုံးအကြိမ် ဝင်ကစားတဲ့ ကစားသမားကို မြင်ရတဲ့အခါမှာ သူ့မှာ နည်းစနစ်ပိုင်း အရည်အသွေးနဲ့ ကျွမ်းကျင်မှုရှိတာ မြင်သာပါတယ်။ ခင်ဗျား အဲဒါတွေသာမရှိရင် မန်ချက်စတာယူနိုက်တက် ပွဲထွက် လူစာရင်းထဲမှာ ကစားရမှာမဟုတ်ပါဘူး။ ခင်ဗျားမှာ အဲဒါတွေသာ မရှိရင် တန်ဟက်ရဲ့ ရွေးချယ်ခြင်းကို ခံရမှာ မဟုတ်ပါဘူး။

ကျွန်တော်က ကစားသမားတွေကိုအမြဲတမ်း ပြိုင်ပွဲရဲ့ အခက်ခဲဆုံးအပိုင်းတွေကျမှသာ အကဲဖြတ်လေ့ရှိတယ်။ မန်ချက်စတာ ယူနိုက်တက် သူတို့ရဲ့ အခက်ခဲဆုံးအချိန်ဖြစ်ခဲ့တဲ့ ပထမပိုင်းမပြီးခင် မိနစ် ၂၀ မှာ သူက ခြေစွမ်းပြခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားပါ။

သူက သူဖြစ်နေသေးပုံပေါ်တဲ့ တစ်ဦးတည်းသော ကစားသမားပါ။ သူ့ကို ကျွန်တော် အကြီးမားဆုံး ချီးကျူးမှုမျိုး ပြုလုပ်နိုင် တယ်။ အဲဒီလို ပြောဖို့က နာကျင်ရပါတယ်။ လူတွေက ဒါကို စိတ်ရှင်းရှင်းနဲ့ပဲ လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ သူ့ ပုံစံက မန်စီးတီးကစားသမားလိုမျိုးပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် သူကစားတာကို စောင့်ကြည့်ရင်း တွေးမိတာက ဒါက ဂွါဒီယိုလာက ကြည့်ပြီး သူ့ကို ငါ့ကွင်းလယ်မှာ လိုချင်တယ်။ ဒါက ငါ့ကွင်းလယ်ကစားသမားတွေ လုပ်ရမယ့်အရာပဲလို့ တွေးနေမယ့် သူမျိုးဆိုတာပါ။

မန်ချက်စတာ ယူနိုက်တက်က သူ့ကို ရထားတာ တော်သေးတာပေါ့။ ဘာလို့လဲဆိုတော့ သူက အရမ်းကို တည်ငြိမ် နေပုံပေါ်လို့ပါ။ အမြဲတမ်း သူ့ ပုခုံးပေါ်ကနေ ကျော်ပြီး ကြည့်တယ်။ ကျန်တဲ့လူတွေအားလုံး ဘယ်ရောက်နေလဲ ဆိုတာ သူသိတယ်။ သူ့ကို ဖြတ်သန်းပြီး ပြေးလွှားခွင့်ပြုတယ်။

အသက် ၁၈ နှစ်အရွယ်နဲ့ ဒီဟာတွေ လုပ်နေတယ်။ သူ့မှာ ပိုပြီးခက်ခဲတဲ့ပွဲတွေ ရှိလာမှာပါ။ သူ့ရှေ့မှာ ရှည်လျားတဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ ဒဏ်ရာတွေလည်းရှိလိမ့်မယ်။ ခြေစွမ်း တက်လိုက်၊ကျလိုက်ရှိမယ်။

တခြားကစားသမား ရောက် လာတာလည်း ရှိမယ်။ သူက ကြီးမားတဲ့တောင်းဆိုမှုရှိတဲ့ အသင်းမှာ ကစားနေတာပါ။ ဒါပေမယ့် ဒါက အရမ်း အရမ်းကောင်းမွန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။