ဒိုလေး လို လိုက်အောင်ပွဲခံတဲ့ မန်ယူကြယ်ပွင့် ဂါနာချို အား အပြစ်ပြောလိုက်တဲ့ ဝါရင့် ကွင်းလယ်ကြီး ဗီဒယ်

မန်ချက်စတာ ယူနိုက်တက် လူငယ် တိုက်စစ်သမားလေး အလက်ဟန်ဒရို ဂါနာချိုဟာ ပြီးခဲ့တဲ့ ရက်က အဲဗာတန် နဲ့ ပွဲစဉ်မှာ အလွန်လှပတဲ့ overhead kick နဲ့ သွင်းဂိုး ရယူနိုင်ခဲ့ပြီးနောက် သူရဲ့ idol ဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုလိုမျိုး အောင်ပွဲခံတဲ့ ပုံစံမျိုးနဲ့ပါ အောင်ပွဲခံသွားခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ကစားသမားလေး ဖြစ်နေပေမယ့် လီယွန်နယ် မက်ဆီထက် ရော်နယ်လ်ဒိုကို ပို နှစ်သက် သူဖြစ်တဲ့ ဂါနာချိုဟာ ယူနိုက်တက်မှာ ရော်နယ်လ်ဒိုနဲ့ တွဲဖက် ကစားရချိန်ကတည်းက ရော်နယ်လ်ဒိုရဲ့ SIUU အောင်ပွဲခံမှုကို လိုက်လံ တုပခဲ့သူလည်း ဖြစ်ပါတယ်။

အခုလည်း ဒီရာသီရဲ့ အကောင်းဆုံး ဂိုးတစ်ဂိုး ဖြစ်လာနိုင်မယ့် အလှဆုံးဂိုးကို သွင်းယူပြီးတဲ့နောက်မှာလည်း ဂါနာချိုက သူ့ idol လို အောင်ပွဲခံခဲ့ရာ ဝါရင့် ကွင်းလယ်သမားကြီး ဗီဒယ်လ်ကတော့ သဘောမကျဘဲ ဝေဖန်မှု ပြုလုပ်လာပါတယ်။

“ဂါနာချို ဂိုးနဲ့ ပတ်သက်ပြီး ဆိုးရွှားတဲ့ တစ်ခုတည်းသော အရာ ဒါမှမဟုတ် နားမလည်နိုင်တဲ့အရာက သူ ရော်နယ်လ်ဒို လိုမျိုး အောင်ပွဲခံသွားတာကိုပါ။”

“တကယ်ဆိုရင် သူက သူပုံစံအတိုင်းပဲ အောင်ပွဲခံသွားရမယ်။ သူက အခုဆိုရင် ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်နေပြီမို့ သူ့နာမည်ကို ပိုသတိထားလာမိအောင် လုပ်သင့်တာ။ သူက သူ့ idol အပေါ် လေးစားချင်ခင်မှုနဲ့ ဒီလို အောင်ပွဲခံတာက ကောင်းပေမယ့်လည်း နောက်ပိုင်းတွေမှာတော့ ဂါနာချိုရဲ့ ကိုယ်ပိုင် ပုံစံဆိုတာလည်း ရှိလာရပါမယ်။”

“ခင်ဗျားအနေနဲ့ ဂိုးတစ်ဂိုး သွင်းယူပြီး ဘယ်လိုအောင်ပွဲခံမလဲ အမှတ်ရနေအောင် လုပ်မလဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ တခြား ပုံစံတစ်မျိုးနဲ့ အောင်ပွဲခံစေချင်တယ်။ ဒါပေမယ့် ဒီဂိုးကတော့ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ရပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ဆယ်ကျော်သက် တိုက်စစ်သမားလေး ဂါနာချိုရဲ့ ဒီရာသီ ပထမဦးဆုံး ပရီးမီးယားလိဂ်သွင်းဂိုးက ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး သွင်းဂိုးဆု အဖြစ် သတ်မှတ်ခံရဖွယ် ရှိနေပါတယ်။