ဂါလာတာစရေး Vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ကြိုတင် သုံးသပ်လာကြတဲ့ ပရီးမီးယားလိဂ် ဂန္တဝင်ကြီး နှစ်ဦး

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီညမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ အဖြစ် တူရကီကလပ် ဂါလာတာစရေး ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရမှတ် ၃ မှတ်ဖြင့် အုပ်စုတွင်းမှာ နောက်ဆုံးရှိနေပေမယ့် ဒုတိယနဲ့ တတိယနေရာက အသင်းတွေဟာ ၄ မှတ်တွေပဲ ရထားတာပါ။ နည်းပြ တန်ဟက်ရဲ့ အသင်းသားတွေဟာ ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ လမ်းပွင့် နေဆဲ ဖြစ်ကာ ဒီညပွဲက အဓိက ကျလာပါလိမ့်မယ်။

သီယာရီ အွန်နရီနဲ့ မီကာ ရစ်ချက်တို့ရဲ့ ဒီညပွဲအတွက် CBS Sports ကနေ ဆွေးနွေးမှုမှာ မန်ချက်စတာ ယူနိုက်တက် ဟာ အရေးကြီးတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ အနိုင် ၃ မှတ် မရဘူးလို့ ဆွေးနွေးခဲ့ကြပါတယ်။

မီကာရစ်ချက် “ ကျနော်ကတော့ ယူနိုက်တက်တို့ ဒီပွဲ ရှုံးမယ်လို့ ထင်ပါတယ်။ ကျနော် အဲ့လိုပဲမြင်ပါတယ်။ သူတို့က အုပ်စုတွင်းမှာ အောက်ဆုံးအသင်းဖြစ်သလို ချန်ပီယံလိဂ်မှာ ကစားပုံလည်း မကောင်းပါဘူး။ ဒီပွဲက သူတို့အတွက် ခက်ခဲတဲ့ စမ်းသပ်မှုပဲ ဖြစ်ပါလိမ့်မယ်။ ” လို့ မှန်းဆခဲ့တယ်။

အွန်နရီကလည်း ” အဲဗာတန်ပွဲတုန်းကလည်း ဂါနာချို ဂိုးကလွဲရင် အဲဗာတန်က ပိုတောင် ဂိုးရသင့်တာပါ။ ယူနိုက်တက် ရဲ့ ပုံစံတွေ အဲ့ပွဲမှာ မမြင်ခဲ့ရပါဘူး။ ဂါလာတာစရေးကို ရင်ဆိုင်ရာမှာ သူတို့ အနိုင်ရဖို့ လိုနေပါတယ်။

ဒီပွဲက ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာပါ ဘာလို့လဲဆိုတော့ ဂါလာတာစရေးမှာ ယူနိုက်တက်ကို နာကျင်စေနိုင်တဲ့ ကစား သမား တွေ ရှိနေပါတယ်။ ဒီပွဲ ယူနိုက်တက်တို့ ရှုံးပါစေလို့ ကျနော် ဆုမတောင်းပါဘူး။ ဒါပေမယ့် သူတို့ ခက်ခဲတဲ့ပွဲကို ကစားရတော့မှာ ဖြစ်ပါတယ် ” လို့ သုံးသပ်သွားပါတယ်။