မက်ဂွဲရားရဲ့ တုန့်ပြန်မှု၊ ပေါ့ဘာ သတင်းမှား၊ ဗာရိန်း ဒဏ်ရာနဲ့ ယနေ့ညပိုင်း မန်ယူ သတင်းတိုများ
ပေါ့ဘာဟာ စီ ရော်နယ်ဒို ထက် မြင့်တဲ့ လစာ ပေးမှ မန်ချက်စတာ ယူနိုက်တက်နဲ့ သက်တမ်းတိုးလိုတယ် ဆိုတဲ့ သတင်းတွေ ဒီတလော ထွက်ပေါ်နေတာက မမှန်ကန်ဘူးလို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။
ပေါ့ဘာက နွေမှာ ယူနိုက်တက်ရဲ့ ခေါ်ယူမှုတွေနဲ့ ရည်မှန်းချက်တွေ မြင်ခဲ့ရတဲ့ အပေါ် အားရနေခဲ့ပြီ လက်ရှိမှာတော့ နည်းပြ ဆိုးရှား ထုတ်ပယ်ခံရမလားနဲ့ ရှေ့ အလားအလာကို စောင့်ကြည့်နေသေးပုံ ရကြောင်း ရိုမန်နို က ဆိုပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က မန်ယူနဲ့ သတင်းထွက်ပေါ်နေတဲ့ အေဂျက်ဇ်နည်းပြ တန်ဟတ်က အေဂျက်မှာ အံ့ဖွယ် စွမ်းဆောင်ရည်ကို ပြသနေကြောင်း၊ အေဂျက်ဇ်ကလည်း အသင်းကြီး တစ်သင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒါလော့အနေနဲ့ ရိုးမားကိုပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘဲ မန်ယူမှာသာ ဆက် နေလိုကြောင်း CaughtOffside က ဖော်ပြထားပါတယ်။ ရိုးမားနည်းပြ မော်ရင်ဟိုအနေနဲ့ ဒါလော့နဲ့ပြန်လည် လက်တွဲလိုနေတာပါ။
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက အိုင်ယာလန်နဲ့ပွဲမှာ သရေကျခဲ့ခြင်းနဲ့ ပတ်သက်ပြီး “အိုင်ယာလန်နဲ့ ကစားရတာ အမြဲတမ်း ခက်ခဲပါတယ်။ လာမဲ့တနင်္ဂနွေနေ့ကျရင်တော့ ကာတာကို သွားနိုင်အောင် အိမ်ကွင်းပရိသတ်တွေ ရှေ့မှောက်မှာ အစွမ်းကုန် ကြိုးပမ်းသွားမှာပါ”လို့ ဖွင့်ဟခဲ့ပါတယ်။
မန်ယူအသင်းခေါင်းဆောင် မက်ဂွဲရားဟာ ညက အယ်ဘေးနီးယားဘက် ဂိုးသွင်းပြီးနောက် နားစွင့်ဟန် အောင်ပွဲ ခံခဲ့တာကြောင့် ရွိုင်ကိန်းရဲ့ ပြောဆိုဝေဖန်မှု ခံယူခဲ့ရပါတယ်။ မက်ဂွဲရားကတော့ ထိုအောင်ပွဲခံမှုဟာ ဘာအတွက် ရည်ရွယ်တာလို့ မရှိကြောင်း တုန့်ပြန် ပြောဆိုသွားပါတယ်။

မန်ယူပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ်ကလပ် လက်စတာနည်းပြ ရော်ဂျာအနေနဲ့ ရာသီဝက်ကာလကြီးမှာ အသင်း ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။ ရော်ဂျာအနေနဲ့ အနည်းဆုံး ဒီတစ်ရာသီလုံး လက်စတာကို ကိုင်တွယ်လိုနေတာပါ။
ဗာရိန်းရဲ့ တံကောက်ကြော ဒဏ်ရာကလည်း ဒီလထဲ ပြန်ကစားနိုင်ဦးမှာ မဟုတ်ဘဲ ဒီဇင်ဘာလထဲမှာ ပြန်လာနိုင်မယ်လို့ ယူဆရပါတယ်။ သူ မပါဝင်နိုင်တာက ယူနိုက်တက် ခံစစ်ကို ပိုမို ဆိုးဝါးစေခဲ့တာပါ။
အင်္ဂလန်အသင်းအတွက် ရွေးချယ် ခေါ်ယူခြင်း ခံရပေမယ့် လုခ်ရှောဟာ မန်ချက်စတာ ဒါဘီပွဲက ထိခိုက်မှု ကြောင့် ကြံ့ခိုင်မှု အပြည့်အဝ မရသေးဘဲ ပြန်ကောင်းလာအောင် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။