တပည့်ကျော် အိုနာနာ ကို အပြစ်တင်ဖို့ ငြင်းဆန်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်

ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဂါလာတာစာရေးကို ဦးဆောင်ပြီး နိုင်ပွဲနဲ့ နီးစပ် ခဲ့သော်လည်း အသင်းရဲ့ ဂိုးသမား အန်ဒရေအိုနာနာရဲ့ အမှားတစ်ချို့ကြောင့် ၃-၃ နဲ့သရေ ရလဒ်ကိုသာ ရရှိခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ အဲရစ်တန်ဟက်ကတော့ သူ့ တပည့်ရင်း ကင်မရွန်း လက်ရွေးစင် ဂိုးသမားကို အပြစ် မတင်ဘဲ နိုင်ပွဲ မရရှိတာဟာ အသင်း တစ်သင်းလုံးကြောင့်သာ ဖြစ်တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။

တန်ဟက်က “ကျွန်တော်တို့ဟာ အတူတူနိုင်ပြီး အတူတူရှုံးပါတယ်။ အိုနာနာ အဆင်ပြေပါတယ်။ တစ်ဦးချင်း အမှား ဆိုတာ မရှိပါဘူး။ တစ်ဦးချင်းအမှားတွေက ကွဲပြားခြားနားမှုတွေကို ဖြစ်ပေါ်စေပေမယ့် ကိုယ့်တာဝန် ကိုယ် ယူရင် ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် ဒါတွေအားလုံးက အသင်းနဲ့အမြဲတမ်းသက်ဆိုင်ပါတယ်။

လက်ရှိယူနိုက်တက်မှာ ကစားနေတဲ့ ကစားသမားတွေ အားလုံးဟာ အသင်းနဲ့ထိုက်တန်မှု ရှိပါတယ်။ အားလုံးက ထူးချွန်တဲ့ ကစားသမားတွေပါ။ အသင်းရဲ့ ဂိုးသမား အစုအဖွဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ သူတို့မှာ အရမ်း ကောင်းတဲ့ စွမ်းဆောင်ရည်တွေရှိကြပြီး တစ်ဦးနဲ့တစ်ဦးလည်း တွန်းအားပေးကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

သို့သော်လည်း တန်ဟက်ရဲ့အသင်းဟာ ယခုပွဲမှာတော့ စိတ်ပျက်စရာရလဒ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် ဟာ ကိုပင်ဟေဂင်၊ ဂါလာတာစာရေးတို့နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်တွေမှာ နိုင်ပွဲရရှိဖို့ အလားအလာကောင်းတဲ့ အခြေအနေတွေကို ပိုင်ဆိုင်ခဲ့သော်လည်း ယခုရာသီ ကစားခဲ့တဲ့ စုစုပေါင်း ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ၃ ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

တန်ဟက်က “ကျွန်တော်တို့ ကစားပုံအရမ်းကောင်းခဲ့လို့ အသင်းကို ချီးကျူးရမှာတွေရှိသလို ဝေဖန်ရမှာတွေလည်း ရှိနေပါတယ်။ အသင်းရဲ့ခံစစ်ပိုင်းက လုံလောက်တဲ့ ကာကွယ်မှုတွေမပြုလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ၁-၃ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတာ့ ကွဲပြားခြားနားတဲ့ရလဒ်ကိုပဲ ရရှိခဲ့ပါတယ်။

အနိုင်ရသင့်တဲ့ပွဲမှာ အနိုင်မရခဲ့လို့ စိတ်ပျက်မိပါတယ်။ ချန်ပီယံလိဂ်မှာ အမှားလုပ်မိပြီဆိုရင် အပြစ်ပေးခံရမှာပါပဲ။ ဒါကနေ သင်ခန်းစာယူရပါမယ်။ ရလဒ်အတွက်လည်း တာဝန်ယူပါတယ်။ ကျွန်တော်တို့ဟာ ပရောဂျက်တစ်ခုနဲ့အတူ ရှေ့လျှောက် မှာ တိုးတက်မှုတွေ ရှိလာအောင်လုပ်ဆောင်နေပါတယ်။

သွင်းဂိုး ၂ ဂိုးကို မြန်မြန်ဆန်ဆန်ရရှိခဲ့ပြီး ဝ-၂ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ မစီမံနိုင်ခဲ့ပါဘူး။ ဖရီးကစ် ကန်ချက်တွေကိုလည်း ဒီထက်ပိုကောင်းအောင်ကာကွယ်နိုင်ဖို့ ကြိုးစားရပါမယ်။

အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ဟာ မပေးသင့်တဲ့ ဂိုးတွေကို အများကြီးခွင့်ပြုပေးနေရပါတယ်။ ဒါပေမယ့် ဒီလိုအတွေ့အကြုံတွေကနေ အသင်းဟာ ပိုကောင်းအောင်ထိန်းကျောင်းလာနိုင်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။