မန်ယူရဲ့ ရှုံးပွဲအပြီးမှာ ပေါစခိုးလ် တောင် မနေနိုင်ဘဲ ပြစ်တင်ကြိမ်းမောင်း လိုက်ရတဲ့ သရဲနီ ကြယ်ပွင့်နှစ်ဦး
သရဲနီဟောင်းကြီး ပေါလ် စခိုး ကတော့ စနေနေ့ညက နယူးကာဆယ် ယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တွေဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ပြစ်တင် ကြိမ်းမောင်းလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဆိုးရွားတဲ့စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့တာကြောင့် ၆၁ မိနစ်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး ပေါလ် စခိုးက ဘရူနို ဖာနန်ဒက်စ်ကို မှားယွင်းတဲ့နေရာတွေကို ချိုးဝင်ပြီး ကစားကွက်ကို ကမောက်ကမဖြစ်စေခဲ့တဲ့အတွက် ပြစ်တင်ကြိမ်းမောင်းခဲ့သလို အဲဒီအတွက် တန်ဟက်ကိုလည်း အပြစ်တင်ရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက ရက်ရှ်ဖို့ဒ်ရဲ့ လူစားလဲခံခဲ့ရမှုကို ကြောင်တောင်တောင် လုပ်နေတဲ့အပေါ်မှာ ဒေါသထွက်ခဲ့ပြီး ခုလို ပြောဆိုလိုက်ပါတယ်။
“သူ ဘာတွေ အံ့အားသင့်ပြနေတာလဲ။ ကျွန်တော် နားမလည်ဘူး။ သူ ကွင်းထဲမှာ ရှိနေသင့်သေးတယ်လို့များ သူ တွေးနေတာလား။ သူက အသင်းကို အကောင်းထက် အဆိုးပဲ ဖြစ်စေခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က မားကပ်စ်က အရမ်းကောင်းမွန်ခဲ့ပြီး သူ့မှာ အရည်အချင်းရှိပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ခင်ဗျား ဒီလိုမျိုး နောက်ပြန် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာ သူ လူစားလဲခံရပြီး ဒီလိုမျိုး ပြုမူခဲ့တာက အသင်းအတွက် ကောင်းတဲ့အရာမဟုတ်ဘူးလို့ ထင်တယ်။ သူက အခုဆိုရင် အတွေ့အကြုံအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေပါပြီ။
သူက ကျန်တဲ့သူတွေ နမူနာယူရမယ့်ကစားသမားဖြစ်နေပါပြီ။ မိန်းနိုးက သူ့ကို အတုယူနေမှာပါ။ ဂါနာချိုကလည်း သူ့ကို အတုယူနေမှာပါ”
“ဘရူနို ကတော့ နောက်ထပ်ပြောရမယ့်တစ်ယောက်ပေါ့။ ဒီမှာကြည့် သူ့မှာ ထူးခြားတဲ့အရည်အချင်းတွေရှိတယ်။ သူ ဂိုးသွင်းနိုင်တယ်။ ဂိုးတွေ ဖန်တီးနိုင်တယ်။ ဒါပေမယ့် ပွဲမတိုင်ခင် အဝတ်လဲခန်းထဲမှာ နည်းပြက သူ့ကို ဘာလုပ်ဖို့ တောင်းဆိုလဲဆိုတာကို သိရအောင် ကျွန်တော် အဲဒီမှာရှိနေချင်တယ်။
သူ့ကို ဘယ်နေရာမှာ ကစားဖို့ ပြောထားတာလဲ။ ခင်ဗျားက ကွင်းထဲက ဘယ်နေရာမှာ ရှိနေရမှာလဲ။ သူ့ကို ကျွန်တော် ကျောနံပါတ် ၁၀ အနေနဲ့ပဲ မြင်တယ်။ အဲဒါက သူ့ရဲ့အကောင်းဆုံးနေရာပဲ။ သူ ဘောလုံးပေးပို့နိုင်ပြီး ဂိုးလည်း ရနိုင်တယ်။ ဒီည သူ ဘယ်နေရာရောက်နေခဲ့တာလဲ။
သူ ဘယ်တုန်းကမှ အဲဒီနေရာမှာ မကစားခဲ့ဖူးဘူး။ သူ့ကို ဘယ်တောင်ပံ၊ ညာတောင်ပံမှာ တွေ့တယ်။ တစ်ခါတလေကျ သူက မန်ယူနိုက်တက်ကစားသမားတွေရဲ့ နောက်ဆုံးကို ရောက်နေတယ်။ ဒါက အသင်းအတွက် ကောင်းမယ်လို့ မထင်ပါဘူး။
အဲဒါက ကစားကွက်ကိုကမောက်ကမဖြစ်စေပြီး ကစားပုံကိုလည်း ရှုပ်ထွေးစေပါတယ်။ ကျွန်တော်တို့ မသိဘူး။ နည်းပြက သူ့ကို ဒီလိုလုပ်ဆိုပြီးများ ပြောထားသလားပဲ။ ဒါပေမယ့် ကြည့်ရတာက သူ ကွင်းထဲမှာ လုပ်ချင်တာ လုပ်နေတဲ့ပုံ ပိုပေါ်ပါတယ်။ ”လို့ ပေါစခိုးလ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။