နာမည်ကြီးတိုင်း စွတ်ခေါ်ချင်နေတဲ့ မန်ယူနဲ့ ချယ်ဆီးအသင်းတို့ရဲ့ လူခေါ်ပုံတွေကို အေစီ ဂန္တဝင်ကြီး မာလ်ဒိနီ ဝေဖန်

အေစီ မီလန် ဂန္တဝင် ကစားသမားဟောင်းကြီး မာလ်ဒိနီ က ချယ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုအပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။

ချယ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ယခု နှစ်ပိုင်း အတွင်း ကစားသမား ခေါ်ယူမှု များစွာ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ အသင်း အတွက် အသုံးဝင်တဲ့ ကစားသမားတွေ ရှိနေခဲ့သလို သုံးစား မရတဲ့ ကစားသမားတွေလည်း ရှိခဲ့ကြပါတယ်။

မာလ်ဒိနီ က ဈေးကွက်ကို ဘယ်လို ချဉ်းကပ်လဲ ဆိုတဲ့ အကြောင်း အမေးခံလိုက်ရချိန်မှာတော့ လူတွေဟာ ကစားသမားကို ဘယ်လို တိုးတက်အောင်လုပ်ရမလဲ ဆိုတာထက် နာမည်ကြီးတာကိုပဲ ခေါ်ယူလိုက်ကြတဲ့ အဖြစ်ကို ဦးတည်ပြီး ချဲလ်ဆီး နဲ့ ယူနိုက်တက် တို့ကို ဝေဖန်ခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

” မကြာခနဆိုသလို ကျွန်တော်တို့တွေဟာ ပါရမီကောင်းတဲ့ ကစားသမားတွေအပေါ် ပိုပြီး မှီခိုနေတတ်ကြပါတယ်။ အထူးသဖြင့် သူတို့ကို ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာ မတွေးတောပဲ ခေါ်ယူမှုတွေ လုပ်ဆောင်ပစ်တတ်ကြပါတယ်။

ဒီအတွက် အကောင်းဆုံး ဥပမာ ပေးလို့ရတဲ့ အသင်းတွေက ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေပါပဲ။ ဈေးကွက်ထဲ ရင်းနှီးမြှုပ်နှံမှု များလွန်းပြီး စီမံ ခန့်ခွဲမှု ညံ့ခဲ့လို့ ရလဒ်တွေ ဆိုးရွားနေခဲ့ကြတာ အားလုံး မျက်မြင် ကိုယ်တွေ့ပဲလေ။

ပါရမီကို အမြဲတမ်း အသိအမှတ်ပြုလို့ မရနိုင်ပါဘူး ။ ပါရမီကောင်းတဲ့ လူငယ် ကစားသမားလေးတွေ အပေါ် အလောင်းအစား ပြုလုပ်မိရင် ကျရှုံးနိုင်ခြေက ပိုများနေတတ်ပါတယ် ” လို့ မာလ်ဒိနီ က ပြောပြခဲ့လိုက်တာပဲ ဖြစ်ပါတယ်။