ဆန်ချိုအတွက် ဆုတောင်း၊ ကိန်းနဲ့ စီးတီး၊ ဂါရတ် ဘေးလ် နဲ့ ယနေ့ အပြောင်းအရွှေ့ သတင်းများ
စပါး တိုက်စစ်မှူး ဟာရီကိန်းဟာ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ ဖြစ်နိုင်နေဆဲပါ။ မန်စီးတီးဟာ စပါး တိုက်စစ်မှူး အပေါ် သူတို့ရဲ့ စိတ်ဝင်စားမှုကို ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ပြန်လည်အသက်သွင်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ဂျူဗင်တပ်အနေနဲ့ သူတို့ရဲ့ကွင်းလယ်လူ ရမ်ဆေးကို ခေါ်ယူဖို့ ရိုးမားအသင်းထံ ကမ်းလှမ်းခဲ့ကြောင်း Calcio Mercato က ဖော်ပြထားပါတယ်။ ဂျူဗင်တပ်အနေနဲ့ ဇန်နဝါရီမှာ ရမ်ဆေးကို ရိုးမားထံ အငှားချလိုနေပြီး လစာတစ်ဝက်လည်း ပေးချေသွားမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအနေနဲ့ အာဂျင်တီးနားအတွက် မက်ဆီ ဝင်ရောက်ကစားခဲ့မှုနဲ့ ပတ်သက်ပြီး ဒေါသထွက်လျက် ရှိနေပါတယ်။ မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာတုန်းက ဒဏ်ရာကြောင့် လိုက်ပဇစ်နဲ့ဘော်ဒိုးတို့ပွဲစဉ်ကို လွဲချော်ခဲ့တာပါ။ ပီအက်စ်ဂျီ ဒါရိုက်တာ လီယိုနာဒိုကတော့ အာဂျင်အနေနဲ့ မက်ဆီကို ရွေးသွားကတည်းကမကျေနပ်ကြောင်း ပြောဆိုခဲ့တာပါ။

နည်းပြသစ် ကွန်တီဟာ ရေရှည်အစီအစဉ်တွေထဲမှာ ကိန်းကို ထည့်သွင်းထားနိုင်တယ်လို့ စပါးဥက္ကဌ လီဗိုင်က စိတ်ချ ယုံကြည်ထားပေမယ့် ဇန်နဝါရီမှာ စီးတီးဘက်က ပမာဏများပြားတဲ့ ကမ်းလှမ်းမှုလုပ်လာရင် စိတ်ပြောင်းသွားနိုင်ပါတယ်။
အန်ဆယ်လော့တီဟာ ဂါရတ်ဘေးကို ရောင်းရင်ရောင်း၊ ဒါမှမဟုတ်လည်း စာချုပ်ဖျက်သိမ်းဖို့ ရီးရဲလ်မက်ဒရစ်ထံ ပြောဆိုခဲ့ပါတယ်။ နည်းပြကြီးဟာ ဝေးလ်တိုက်စစ်မှူးအပေါ် သည်းခံနိုင်စွမ်း ကုန်သွားခဲ့ပြီဖြစ်ပြီး ကလပ်အနေနဲ့ သူ့ကို ထုတ်ပယ်ဖို့ အလိုရှိနေတာပါ။
စတီဗင်ဂျရတ်ဟာ အက်စ်တွန်ဗီလာ နည်းပြ ဖြစ်လာပြီးတဲ့နောက် ရိန်းဂျားအသင်းက လက်တွဲဖော်တွေဖြစ်ခဲ့တဲ့ ဂယ်ရီ မက်အယ်လစ်စတာ၊ မိုက်ကယ် ဘီအယ်၊ စကော့မေဆန်၊ ဂျော်ဒန် မီဆမ်တို့နဲ့အတူ ဆက်လက် တွဲလုပ် သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

မန်ယူ နည်းပြဆိုးလ်ရှားအနေနဲ့ ဆန်ချိုကို Wing Back အဖြစ် ပြောင်းလဲအသုံးပြုမယ်ဆိုတဲ့ သတင်းတွေအပေါ် ဒန်နီမေးလ်ကတော့ “သူ့ကို Wing Backအဖြစ်ပြောင်းရင် ကံကောင်းပါစေလို့ပဲ ပြောချင်ပါတယ်။ အခွင့်အရေးတွေ ဖန်တီးပြီး ဂိုးတွေသွင်းနိုင်ဖို့ တောင်ပံကစားသမားကို ဝယ်ခဲ့တာမလား”လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ် ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက နည်းပြလောကထဲကို ဝင်ရောက်လိုကြောင်း၊ အောင်မြင်တဲ့ နည်းပြ တစ်ယောက်ဖြစ်ချင်ရင် အတွေ့အကြုံများနိုင်သလောက် ခပ်များများ ရှာရမှာဖြစ်ကြောင်း ဖွင့်ဟ ခဲ့ပါတယ်။
မန်ယူ ကွင်းလယ်လူ မာတစ်က မန်စီးတီး ကွင်းလယ်လူဟောင်း ယာယာတိုရေးဟာ သူ့ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။