၆ ရက် အတွင်း ၃ ပွဲ ကစားရတဲ့ သူ့ ကစားသမားတွေ အရမ်း ပွဲပန်းနေပြီ လို့ နည်းပြ တန်ဟက် ညည်းညူ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ကတော့ ယူနိုက်တက် ကစားသမားတွေဟာ (၆)ရက်အတွင်း (၃)ပွဲအထိတောင် ကစားထားခဲ့ရတာဖြစ်လို့ အလွန် ပင်ပန်းနွမ်းနယ်နေရတယ်လို့ ဖော်ထုတ် ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အဲဗာတန် ဂါလာတာစာရေး နယူးကာဆယ်တို့လို အသင်းတွေနဲ့ အဝေးကွင်းပွဲစဉ်တွေကို ဆက်တိုက် ကစားခဲ့ရပြီး အဲဗာတန်ကိုသာ အနိုင်ရခဲ့သလို ဂါလာတာစာရေးကို ဦးဆောင်ထားပြီး သရေကျခဲ့သလို နယူးကာဆယ် ကိုလည်း အရေးနိမ့်ခဲ့ရပါတယ်။

“ကျွန်တော်တို့က စက်ရုပ်တွေ မဟုတ်ပါဘူး။ (၆)ရက်အတွင်း ခက်ခဲလွန်းလှတဲ့ (၃)ပွဲအထိ ကစားထားခဲ့မယ်ဆိုရင် အဆုံးမှာတော့ ပင်ပန်းနွမ်းနယ်မှုတွေက ပြသာနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါက ဆင်ခြင်ပေးနေတာ မဟုတ် ပေမယ့်လည်း ဒီလိုမျိုးတွေက တကယ်ကို ဖြစ်လာတက်ပါတယ်။”

“ဂါလာတာစာရေးနဲ့ပွဲ အဲဗာတန်တို့နဲ့ ပွဲတွေမှာ ကျွန်တော်တို့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် နယူး ကာဆယ်နဲ့ ပွဲမှာတော့ ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော် မပျော်ရွှင်မိပါဘူး။ ကစားသမားတွေ အနေနဲ့ကလည်း ကိုယ့်ကိုကိုယ် ဝေဖန်ပိုင်းခြားနိုင်တက်မှာပါ။” လို့ တန်ဟက် က ပြောဆို သွားခဲ့ပါတယ်။

ဒါ့အပြင် တန်ဟက် က မီဒီယာတွေမှာ ရေးသားနေကြသလို အသင်းက ကစားသမားတွေနဲ့ သူ့ကြားမှာ အဆင် မပြေမှုတွေ ရှိနေတယ် ဆိုတာတွေနဲ့ အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ပြိုကွဲမှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာ တွေကလည်း တစ်ခုမှ မှန်ကန်ခြင်း မရှိပါကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။

တန်ဟက် က သူ့အနေနဲ့ သူ့ဆုံးဖြတ်ချက်တွေကို ကစားသမားဘက်က သဘောထား ကွဲလွဲနေခဲ့မယ်ဆိုရင် သူ့ကို တိုက်ရိုက်လာပြောဖို့ အခွင့်အရေးပေးထားပြီး ကစားသမားတွေ လာပြောသမျှကိုလည်း သူ သေချာ နားထောင်ပေးကြောင်းပါ ပြောဆိုထားခဲ့ပါတယ်။