စနေနေ့ အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို မန်ယူက ဘယ်နှဂိုး ကြိတ်မလဲ ကြိုတင် ဟောကိန်းထုတ်လာတဲ့ ပေါမာဆန်
နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာ ဘုန်းမောက်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက် ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲကတော့ မနက်ဖြန် စနေနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက် – ဘုန်းမောက် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ပြီးခဲ့တဲ့ပွဲ အိုးထရတ်ဖိုဒ့်မှာ ချယ်ဆီးကို ၂-၁ ဖြင့် အနိုင်ရလိုက်တာကြောင့် မန်ချက်စတာ ယူနိုက်တက်တို့ အားတက်နေမှာပါ။
နည်းပြတန်ဟက်က ရက်ဖိုဒ့်နဲ့ မာရှယ်တို့ကို ချန်ထားခဲ့ပြီး အလှည့်ကျ လူစာရင်း ထုတ်မှု လုပ်ဆောင်တာပါလို့ အသိပေးခဲ့တယ်။ ကျနော်ကတော့ တန်ဟက်က သူတို့ နှစ်ဦးကို လူစာရင်းထဲ ခပ်မြန်မြန် ပြန်ထည့်မယ် မထင်ပါဘူး။
ချယ်ဆီးကို ရင်ဆိုင်တဲ့ပွဲမှာ အမရာဘတ်က ယူနိုက်တက် ဂျာစီ ဝတ်ဆင်ပြီး အကောင်းဆုံး ကစားခဲ့တယ်။ မက် တော်မီနေးကလည်း အနိုင်ဂိုး သွင်းယူခဲ့တယ်။ ဒါပေမယ့် ဂနာချိုက ချယ်ဆီးအသင်းကို ပြဿနာတွေ အများကြီး ပေးခဲ့သူ ဖြစ်ပါတယ်။ သူက တိုက်ရိုက်ကစားခဲ့ပြီး ဘုန်းမောက်ပွဲမှာလည်း ဆက်ပြီး ခြိမ်းခြောက်ပြသင့်ပါတယ်။
မန်ယူနိုက်တက်က မန်စီးတီးနောက် ၃ မှတ်အကွာမှာ ရှိနေတယ်ဆိုတာ တကယ့်ကို အံ့မခန်းပါပဲ။ ပရီးမီးယားလိဂ် ၄ ပွဲ ဆက် မန်စီးတီး နိုင်ပွဲပျောက်မယ် မထင်မိခဲ့ဘူး။ ဘာမဆို ဖြစ်နိုင်တာကို မြင်ခဲ့ရတယ်။
တကယ်လို့ ဒီပွဲကို မန်ချက်စတာ ယူနိုက်တက် အနိုင်ရရင် သူတို့ အမှတ်ပေးဇယား အထက်ကို ပြန်တက်လာနိုင်မှာပါ။
ချန်ပီယံလိဂ်မှာတော့ သူတို့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရရင် ရှုံးထွက်ကို ရောက်နိုင်ဆဲ ဆိုပေမယ့် ကိုပင်ဟေဂင်နဲ့ ဂါလာတာစရေးတို့ သရေကျဖို့လည်း လိုပါတယ်။ ဒီနှစ်သင်းရဲ့ အရည်အချင်းတူညီမှုအရ အဲ့လို တကယ်လည်း ဖြစ်လာနိုင်ပါသေးတယ်။ ။
ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၃-၁ ဘုန်းမောက်။