ဆိုးရှား နေရာ အစားထိုးဖို့ မန်ယူအသင်း အဓိက ကြိုးစားနေတဲ့ နည်းပြလောင်းလျာများ

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ လီဗာပူးကို ၅-ဝ၊ မန်စီးတီးကို ၂-၀ နဲ့ အသီးသီး ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ လက်ရှိ အဆင့် ၆ နေရာကို ရောက်ရှိနေပါတယ်။

လက်တလောမှာ ယူနိုက်တက်ရဲ့ နည်းပြရာထူးအတွက် အပြောင်းအလဲဖြစ်ဖို့ မရှိသေးပေမယ့် ဆိုးရှားအပေါ် ဖိအားတွေ တိုးလာနေပြီး သူ့အလုပ်က အသက်မျှင်မျှင်လေးသာ ကျန်ရှိတော့တာပါ။

အိုးထရက်ဖို့ဒ်မှာ ဆိုးရှားနေရာကို အစားထိုးနိုင်ခြေရှိတဲ့ နည်းပြလောင်းတွေကို အေးဂျင့်တစ်ဦးက ဒေးလီးမေလ်းကို ပြောပြခဲ့တာပါ။ ယူနိုက်တက် အကြီးအကဲတွေဟာ ဘရန်ဒန် ရော်ဂျာ၊ ကွန်တီ၊ ဇီဒန်းနဲ့ အဲရစ်တန်ဟက်တို့ကို ဆန်ကာတင်လေးယောက် စာရင်းထဲ ထည့်ထားခဲ့ပြီး မြောက်အိုင်းရစ်သား လက်စတာနည်းပြက ထိပ်ဆုံးမှာ ရှိနေခဲ့တာလို့ သိရတယ်။

ရော်ဂျာဟာ ဆဲလ်တစ်နဲ့ အဓိကဆုဖလား ၇ လုံး အောင်မြင်ခဲ့ပြီးနောက် ၂၀၁၉ ဖေဖော်ဝါရီမှာ လက်စတာထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မနှစ်က လက်စတာကို အက်ဖ်အေဖလား အောင်မြင်စေခဲ့သလို ဒီရာသီအစမှာလည်း မန်စီးတီးကို ကျော်ဖြတ်ပြီး ကွန်မြူနတီဒိုင်း ရရှိစေခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ အင်တာမီလန်နည်းပြဟောင်း ကွန်တီက ယူနိုက်တက်နည်းပြ အလုပ်ကို စိတ်ဝင်စားမှု ရှိခဲ့ပေမယ့် ယူနိုက်တက်မှာ နေရာလွတ်မယ့် အချိန်ထိ မစောင့်ချင်ခဲ့တာကြောင့် ဒီလမှာပဲ စပါးအသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေးကို ရယူခဲ့တာ ဖြစ်ပါတယ်။

ဇီဒန်းဟာ ဘာနေဗျူးမှာ နှစ်ကြိမ် နည်းပြလုပ်ခဲ့စဉ်အတွင်း ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ် ၃ ကြိမ် အောင်မြင်စေခဲ့တယ်။ လက်တလောမှာ ကလပ်လက်ကိုင် မရှိသေးတာတောင် မန်ချက်စတာထံ ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ပြီး အိုးထရက်ဖို့ဒ် နည်းပြအလုပ်ကို စိတ်မဝင်စားဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့တာပါ။ ယူနိုက်တက်ကတော့ ဇီဒန်းကို ကမ်းလှမ်းလိုနေဆဲပါ။

အဲရစ်တန်ဟက်ကို ချဉ်းကပ်မှုကလည်း အေးစက်တဲ့ တုံ့ပြန်မှုကိုသာ ရရှိခဲ့ပြီး သူ့အနေနဲ့ ယူနိုက်တက် နည်းပြအလုပ်နဲ့ ပတ်သက်ပြီး မဆွေးနွေးချင်ကြောင်း အေးဂျင့်ထံ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အေဂျက်နည်းပြဟာ နယူးကာဆယ် နည်းပြရာထူးအတွက်လည်း ချိတ်ဆက်ခံခဲ့ရပေမယ့် ငြင်းဆန်ခဲ့ပါတယ်။