FT: 0-3 အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ရဲ့ ဂိုးပြတ်ကြိတ်ချက်ကို မရှုမလှ ခံလိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက်

ဒီ စနေညမှာ မန်ချက်စတာ ယူနိုက်တက်ကတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ဘုန်းမောက်ကို ဧည့်ခံကစားပြီး ၃-၀ နဲ့ အံ့အားသင့်ဖွယ် ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူ က ရက်ဖိုဒ့်ကို ဆက်လက် အနားပေးထားပြီး အထောင်တိုက်စစ်မှာ ဟွိုင်လန်းကို ကျော်ကာ မာရှယ်ကို နေရာပေးခဲ့တဲ့ နည်းပြတန်ဟက်ရဲ့ ပွဲထုတ်ပုံ ဒီပွဲမှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ဘောလုံးကိုင်ကစားခွင့် ရခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာ အခွင့်အရေး ပိုင်ပိုင်နိုင်နိုင် ဖော်ဆောင်နိုင်ခြင်း နည်းခဲ့ပါတယ်။

ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ဆိုလန်ကီကို ပံ့ပိုးပေးပုံက ပိုထိရောက်ခဲ့သလို ပိုပြီးလည်း ခြိမ်းခြောက်မှု လုပ်နိုင်ခဲ့ကာ အဖွင့်ဂိုးကို သူကပဲ သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက် ကစားကွက် တည်ဆောက်မှုတွေအတွင်း ပေါ့ဆမှုတွေကို အခွင့်အရေး ယူပြီး ဆိုလန်ကီက တိုက်စစ်မှာ ပြေးလွှား ခြိမ်းခြောက်မှုတွေ လုပ်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ လူတန်နဲ့ ချယ်ဆီးပွဲတွေကို ယူနိုက်တက်တို့ အနိုင်ရခဲ့ပေမယ့် အရှိန်တင်လာသင့်တဲ့ ဒီပွဲမှာတော့ လိုအပ်ချက်တွေ အရမ်းများခဲ့ပါတယ်။ ဘုန်းမောက်ဟာ ဒီပွဲမှာ ခံစစ်ကို အာရုံစိုက်ပြီး ကောင်တာတွေကို အားပြုလာတာမို့ ခြားနားတဲ့ ပြိုင်ဘက်မျိုး ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂိုးသွင်းဖို့ ကြိုးစားနေပေမယ့် အဆုံးသတ်ပိုင်း ညံ့ဖျင်းခဲ့တဲ့ ယူနိုက်တက်ဟာ ရှက်စရာ ခြေစွမ်းတွေကို ဆက်ထိန်းခဲ့ပါတယ်။ ပွဲချိန် တစ်နာရီ နောက်ပိုင်း ဘယ်လင်၊ ဆက်နက်စီတို့ကပဲ ဘုန်းမောက်အတွက် ဂိုးတွေကို ခေါင်းတိုက်သွင်းကာ ပြတ်ပြတ်သားသား ဦးဆောင်စေခဲ့တာ ဖြစ်ပါတယ်။

မိနစ် ၉၀ အကျော်မှာတော့ မက်ဂွဲရားရဲ့ အမှားကြီးကနေပဲ ဘုန်းမောက်ဘက်က ဘောလုံးကို ကြားဖြတ်ရယူကာ စတုတ္ထဂိုး သွင်းခဲ့ပေမယ့် ဧရိယာထဲ လက်ထိလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

အိုးထရတ်ဖိုဒ့်က ပရိသတ်တွေကတော့ Boo လုပ်ပြီး သူတို့ ကစားသမားတွေကို လှောင်ပြောင်ခဲ့ကြတယ်။ ဒီပွဲ အဝါကဒ် ထိခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ၁ ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး နောက် အပတ် လီဗာပူးနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ပွဲစဉ် ၁၆ အပြီးမှာ ၇ ပွဲထိကို အရေးနိမ့်ခဲ့ပြီဖြစ်ကာ ခြေစွမ်းပိုင်း နောက်ပြန် ဆုတ်သွားမှုကို ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။