ယူရို ၁၀ သန်းနဲ့ ပရီးမီးယားလိဂ် ကစားသမား ၄ ဦးကို ချိန်ရွယ်နေတဲ့ ဘာစီလိုနာ

လာလီဂါကလပ် ဘာစီလိုနာဟာ ဇန်နဝါရီဈေးကွက်မှာ မန်နေဂျာသစ် ဇာဗီအတွက် အင်အားဖြည့်မှု ပြုလုပ်ပေးဖို့ရာ စီစဉ်နေပြီး ပရီးမီးယားလိဂ်မှ ကစားသမား အချို့ကို စောင့်ကြည့်လာနေပါတယ်။

စပိန်သတင်းဌာနတွေနဲ့ နာမည်ကြီး ကက်တလန် သတင်းထောက်တွေရဲ့ ဖော်ပြမှုအရ ဘာစီလိုနာဟာ ဇန်နဝါရီမှာ တိုက်စစ်ပိုင်းကို ဦးစားပေးပြီး အင်အားဖြည့်မှာ ဖြစ်ပါတယ်။ ဘယ်ကစားသမားကို ခေါ်ယူမယ်ဆိုတာကို အတည်ပြု ဆုံးဖြတ်ရခြင်း မရှိသေးပေမယ့် အထောင်တိုက်စစ်သမားနေရာကို ပိုမို အလိုရှိနေတယ်လို့ သိရတယ်။

အဂွယ်ရို အနည်းဆုံး ၃ လ ဘောလုံးကစားနိုင်မှာ မဟုတ်သလို လုခ်ဒီဂျောင်းကလည်း ဇန်နဝါရီမှာ ဘာစီလိုနာကနေ ထွက်ခွာမှာဖြစ်တယ်။ ဘရိတ်ဝိတ်ကလည်း ပြန်သက်သာလာပေမယ့်လို့ ဇန်နဝါရီ မတိုင်ခင်ထိ ဘောလုံးပြန် ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုက်စစ်သမားနေရာအတွက် ဘာစီလိုနာက အာရုံစိုက်နေရတာ ဖြစ်ပါတယ်။

ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ဘာစီလိုနာဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေဖြင့် ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အငှား ခေါ်ယူမှုဖြင့် ကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်ပြီး ကလပ်တွေမှာ ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေတဲ့ ကစားသမားတွေကို ကာလရှည် အငှားဖြင့် ကမ်းလှမ်းကာ စာချုပ်ကုန်မှ အပြီးသတ် ခေါ်ယူဖို့ ဖြစ်ပါတယ်။

လက်တလောမှာတော့ မန်စီးတီးမှ စတာလင်၊ ယူနိုက်တက်မှ ကာဗာနီနဲ့ ချယ်ဆီးမှ ဗာနာတို့ဟာ ဘာစီလိုနာရဲ့ ပစ်မှတ်တွေထဲ ပါဝင်နေတယ်လို့ သိရတယ်။ အဆိုပါ တိုက်စစ်သမားတွေဟာ သက်ဆိုင်ရာ ကလပ်တွေမှာ ပွဲကစားခွင့်တွေ နည်းပါးနေပြီး ကမ္ဘာဖလား ပြိုင်ပွဲကြီးမှာ ပါဝင်နိုင်ဖို့အတွက် ပုံမှန် ပွဲကစားခွင့်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဇာဗီဟာ လာမာဆီယာ မျိုးဆက်တွေကို သူ့အသင်းထဲ ပြန်လည် ပေါင်းထည့်လိုတာကြောင့် ဒန်နီအဲဗက်စ်ကိုလည်း ပြန်ခေါ်ယူတော့မှာဖြစ်တယ်။ ဒါ့အပြင် လီဗာပူးမှ သီယာဂိုကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကာ လက်ရှိ အချိန်ထိတော့ အသက် ၃၀ အရွယ် ကွင်းလယ်လူအတွက် ကြိုးစားမှု မရှိသေးဘဲ တိုက်စစ်သမားတွေကဲ့သို့ စောင့်ကြည့်နေဆဲလို့ သိရပါတယ်။

အကြွေး ယူရို ၁.၃ ဘီလျံထိ ရှိနေတဲ့ ဘာစီလိုနာဟာ ဇန်နဝါရီ အသုံးစရိတ်အဖြစ် ယူရို ၁၀ သန်းအောက်ပဲ ရှိထားတာဖြစ်လို့ အငှား ခေါ်ယူမှုတွေကို အဓိက ပြုလုပ်လာရဖွယ်ရှိပြီး အင်္ဂလန်ကလပ်တွေဘက်က ချန်ပီယံလိဂ်ပြိုင်ဘက်အသင်းကို ကစားသမား ကမ်းလှမ်းခွင့်တွေ ပေးပါ့မလားဆိုတာက စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။