မန်ယူကို ချန်ပီယံလိဂ်ကရော ယူရိုပါလိဂ်ပါ နားသွားရအောင် ဘိုင်ယန်တို့ အိုးထရက်ဖို့ဒ်မှာ ကူညီသွားတဲ့ ပွဲ အကြောင်း

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဘိုင်ယန်မြူးနစ်အသင်း ကို ဧည့်ခံ ကစားခဲ့ရာ ၁-ဝ နဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် အုပ်စုကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီပွဲ မတိုင်ခင်တည်းက အုပ်စုကနေ ပြုတ်လုတည်းတည်း အိမ်ရှင် မန်ချက်စတာယူနိုက်တက် က ပွဲထွက်မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ မက်ဂွိုင်းယား၊ ဒါလော့နဲ့ လုခ် ရှောတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပြီးခဲ့တဲ့ပွဲမှာ ဖရန့်ဖတ်ကို ဂိုးပြတ်ရှုံးထားလို့ သိက္ခာဆည်ရမယ့် ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်ရဲ့ ကစားကွက်က အကောင်းကြီး မဟုတ်ခဲ့ပေမယ့် တည်ငြိမ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ မန်စီးတီးဟောင်း ဆာနေးကြောင့် တောင်ပံတိုက်စစ်တွေ နှောင့်နှေးခဲ့ပါတယ်။

ဂါနာချိုနဲ့ အန်တိုနီတို့ရဲ့ တောင်ပံတွေကတော့ စပေ့စ်ပေးလိုက်ရင် ဘာဖြစ်မလဲဆိုတာကို ကောင်းကောင်းသိထားတဲ့ ပရီးမီးယားလိဂ် နည်းပြဟောင်း တူဟယ်လ်ရဲ့ သတိကြီးကြီး ပိတ်ဆို့မှုတွေမှာ အလုပ်မဖြစ်ခဲ့သလို ဒီနေ့ပွဲမှာ မန်ယူတို့ ဂိုးလိုချင်ပေမယ့် မရဘဲဖြစ်နေခဲ့ပြီး ဘိုင်ယန်ကတော့ ခံစစ်မှာ စိတ်ချရအောင် လုပ်ပြီးမှ တိုက်စစ်ကို သွားတာကြောင့် ရင်ခုန်စရာ သိပ်မကောင်းဘဲဖြစ်နေခဲ့ရတာပါ။

ဟာရီကိန်းကို အကြောင်းသိ မက်ဂွိုင်းယားက ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၄၀ မှာတော့ ဒဏ်ရာရပြီး အီဗန်စ်နဲ့ လဲခဲ့ရတာကြောင့် အိမ်ရှင်ပရိသတ်တွေ အားလျော့ခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြသလို ဒုတိယပိုင်း အစမှာတော့ မာဇရာဝီအစား လိုင်မာကို ထည့်ပြီး ဘိုင်ယန်တို့ တိုက်စစ်မြှင့်ခဲ့ချိန်မှာ မန်ယူတို့ကတော့ လုခ် ရှောပါ ထပ်နာသွားလို့ ဝန်ဘစ်ဆာကာကို ထည့်သွင်းခဲ့ရတာဖြစ်ပါတယ်။

နှစ်သင်းစလုံး အခွင့်အရေးတွေကို ဖန်တီးနေခဲ့ကြပေမယ့် လွဲချော်နေခဲ့ကြတဲ့ကြားမှာ တစ်ချိန်တည်း ကစားနေခဲ့တဲ့ ပွဲမှာ ကိုပင်ဟေဂင်က ဂါလာတာစာရေးကို တစ်ဂိုးသွင်းသွားခဲ့လို့ အော်တိုမက်တစ် အဆင့် ၄ ရောက်သွားတဲ့ မန်ယူတို့ ပိုပြီး ဖိအားများသွားခဲ့ချိန်မှာ ဘိုင်ယန်တို့ကတော့ ဒဏ်ရာ အနည်းငယ်ရှိနေတဲ့ မူစီယာလာအစား မူလာကို ထပ်ထည့်ပြီး တိုက်စစ်ဆင်လာခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဘိုင်ယန်တို့က အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုမွန်ရဲ့ တစ်ကိုယ်တော် လိမ်ခေါက်မှုကနေ ဂေါ်ရက်ဇ်ကာ ပြန်ရပြီး ဟာရီကိန်းကို ပေးရာမှာ အင်္ဂလန်ကပ္ပတိန်က ဧရိယာထဲကို တစ်ချက်ထိနဲ့ ချပေးခဲ့တဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကနေ လွတ်ထွက်သွားခဲ့တဲ့ ကိုမွန်ကပဲ ဂိုးသမား အိုနာနာနဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်ယူတို့ဘက်က ဂါနာချို၊ အန်တိုနီနဲ့ ဗာရွန်းတို့အစား ဟန်နီဘယ်လ်၊ ပယ်လစ္စထရီနဲ့ မိုင်နူးတို့ကို သွင်းပြီး ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပွဲချိန်အပြည့်မှာတော့ အရေးကြီးချိန်မှာ ဘာမှ မလုပ်တတ်ခဲ့တဲ့ မန်ယူတို့ ယူရိုပါလိဂ်တောင် ဆင်းကန်ခွင့် မရလိုက်ဘဲ ဘိုင်ယန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးပြီး အုပ်စုအောက်ဆုံးကနေ ပြုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။