ပီပီကို ရောင်းမယ့် အစီအစဉ်၊ ဘာလိုဂန်၊ လီနိုတို့နဲ့ ယနေ့ညပိုင်း အာဆင်နယ် သတင်းများ
အာဆင်နယ် အဓိကကွင်းလယ်လူ ပါတေးအနေနဲ့ လီဗာပူးနဲ့ပွဲမှာ ပါဝင်နိုင်ဖွယ် ရှိနေကြောင်း ပါတေးရဲ့ဒဏ်ရာဟာ ဆိုးရွားခြင်း မရှိကြောင်း Goal ဂျာနယ်လစ် ချာလက်ဝက်စ်က ဆိုပါတယ်။
ဝက်စ်ဟမ်းအနေနဲ့ အာဆင်နယ်တိုက်စစ်မူှး အန်ကီတီယာ ကို ချိတ်ဆက်လျက် ရှိနေပါတယ်။ ဝက်စ်ဟမ်းနည်းပြ မိုယက်စ် အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အားဖြည့်လိုနေတာပါ။
အာဆင်နယ်အနေနဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ တောင်ပံကစားသမား ပီပီကို အရှုံးခံပြီး ရောင်းချ သွားတော့မယ် လို့ သိရပါတယ်။ အာဆင်နယ်အနေနဲ့ ပီပီကို ပေါင် ၂၅ သန်းရရင်ပဲရောင်းထုတ်သွားတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့် ဘာလိုဂန်က မာတင်ကီအွန်က မိမိကို အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်နဲ့ ခိုင်းနှိုင်းတဲ့ အပေါ် စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟခဲ့ပါတယ်။
“ဂန္ထဝင် တစ်ဦးနဲ့ နှိုင်းယှဉ်ခံရတာကတော့ သေချာပေါက်ကောင်းတာပေါ့ဗျာ။ အီယန်ရိုက်က အာဆင်နယ်အတွက် အံဖွယ်အရာတွေ စွမ်းဆောင်နိုင်ခဲ့ပြီး ကျွန်တော့်အနေနဲ့ အယန်ရိုက်ကိုကြည့်ပြီး ကြီးပျင်းခဲ့ရတာပါ”လို့ ဘာလိုဂန်က ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ် ဂန္ထဝင်ဟောင်း ကီဗင်ကမ်းဘဲလ်က အာဆင်နယ်အနေနဲ့ လီနိုကိုလက်လွှတ်လိုက်ရရင် ဂိုးသမား မက်ရွိုင်ယန်ကို ပြန်ခေါ်သင့်ကြောင်း၊ မက်ရွိုင်ယန်ဟာ ရမ်ဒေးလ်အနေနဲ့ အပြိုင်အဆိုင် ဖြစ်နိုင်တဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မော်ဒိုဗာနဲ့ပွဲမှာ စကော့တလန်အတွက် ပါဝင်ကစားရင်းခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ခံလူ တီယာနေးရဲ့ခြေစွမ်းကို အာဆင်နယ် ပရိသတ်တွေက သဘောကျလျက် ရှိနေပါတယ်။ လီဗာပူးနဲ့ပွဲမှာ တီယာနေးအနေနဲ့ပါဝင်ကစားဖို့ ပရိသတ်တွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
အာဆင်နယ်နောက်ခံလူ ကိုလာစီနက်အနေနဲ့ ဖင်လန်ကိုအရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သူ့နိုင်ငံအသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အဲဒီ ဒဏ်ရာကြောင့် ကိုလာစီနက်ဟာ ဆက်ကစားနိုင်တော့ဘဲ လူစားလဲခြင်း ခံခဲ့ရပါတယ်။
ဂျူဗင်တပ်ကတော့ ကွင်းလယ်လူ ကူလူဆက်စကီး အတွက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ထံ ယူရိုသန်း ၄၀ တောင်းဆို ထားပါတယ်။