ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ ဆိုသလို အရှုံးတွေနောက်မှာ ဒဏ်ရာတွေ ထပ်လိုက်လာတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဘောလုံး ရာသီကတော့ ဆိုးရွားသထက် ဆိုးရွားလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသလို အဲဒီပွဲတွင် ဟယ်ရီမက်ဂွိုင်းယားနှင့် လုခ်ရှောတို့ ဒဏ်ရာရရှိမှုနှင့် ကြုံတွေ့ခဲ့ရပါတယ်။

အင်္ဂလန်ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ အိုးထရက်ဖို့ဒ်ပွဲစဉ်တွင် ပထမပိုင်းမှာပင် ဒဏ်ရာရရှိပြီး လူစားလဲလှယ်မှု ပြုလုပ် ခဲ့ရပါတယ်။

မက်ဂွိုင်းယားဟာ ကွင်းတွင်းတွင် ဆေးကုသမှု ခံယူပြီးနောက် ပွဲကို ဆက်ကစားရန် ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆက်ကစားရန် မဖြစ်နိုင်တာကြောင့် အဲရစ်တန်ဟက်မှာ လူစားလဲလှယ်မှု ပြုလုပ်လာပါတယ်။

နည်းပြ အဲရစ်တန်ဟက်ဟာ ဟယ်ရီမက်ဂွိုင်းယားနေရာတွင် ဂျွန်နီအီဗန့်ကို လူစားလဲလှယ်မှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ပိုပြီး‌တော့ ဆိုးရွားလာစေတာကတော့ ပထမပိုင်းအပြီးတွင် လုခ်ရှောမှာလည်း လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ လုခ်ရှောဟာ ပထမပိုင်းမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တယ်လို့ ယူဆရပါတယ်။

လုခ်ရှောဟာ ဒဏ်ရာကြောင့် ၃ လကြာ အနားယူခဲ့ရပြီးနောက် မကြာသေးမီကမှ ယူနိုက်တက်အတွက် ပြန်လည် ကစားလာနိုင်ခဲ့သူ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မက်ဂွိုင်းယားနှ့င့် လုခ်ရှောတို့ ဒဏ်ရာမရရှိမီ လီဆန်ဒရိုမာတီနက်ဇ်အပါအဝင် ကစားသမား ၇ ဦး ဒဏ်ရာ ရရှိမှုနှင့် ကြုံထားရပြီး ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှ အုပ်စုအောက်ဆုံးနေရာဖြင့် ထွက်ခွာလာခဲ့ရတဲ့ ယူနိုက်တက်ဟာ ယခု အပတ် အကုန်မှာ ပရီးမီးယားလိဂ် ပွဲကြပ်အဖြစ် အန်ဖီးလ်သို့ သွားရောက်ကာ ဇယားထိပ်ဆုံးမှ လီဗာပူးနှင့် ရင်ဆိုင်ကစားရပါဦးမယ်။