အင်္ဂလိပ် အသင်းတွေထဲ အဆိုးဆုံး မှတ်တမ်းနဲ့ ချန်ပီယံလိဂ် အောင်ဖျာလိပ်ခဲ့ရပေမယ့် မန်ယူ ကစားတာ ကောင်းတယ် လုပ်နေသေးတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဘိုင်ယန်မြူးနစ်ကို ဝ-၁ နဲ့ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပေမယ့် နည်းပြတန်ဟက်ကတော့ သူ့အသင်းရဲ့ကစားပုံ အရမ်းကောင်းခဲ့လို့ နောင်တ ရစရာမရှိဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်က အခုရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေအပြီး အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်ခဲ့ကာ ယူရိုပါလိဂ် ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ကစားခွင့်နဲ့လည်း လွဲချော်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၇၀ မှာ ကိုးမန်းက သွင်းယူပေးခဲ့ပြီး ယူနိုက်တက်အတွက် အခုရာသီ ၁၂ ပွဲမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။

ဒါပေမယ့် တန်ဟက်က “နောင်တ ရစရာတော့ မရှိပါဘူး။ ကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူး။ ဒါကိုလက်ခံရမယ်။ ဒီကနေ ကျွန်တော်တို့ သင်ယူသွားရပါမယ်။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့က ပွဲစဉ်အချို့ကို ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကျွန်တော်တို့က ချန်ပီယံလိဂ်မှာပြသခဲ့တဲ့စွမ်းဆောင်ရည်ကောင်းအချို့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ သယ်ဆောင်သွားရပါမယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ နောက်တစ်ကြိမ် ပြန်ရောက်လာချင်ပါသေးတယ်။

ကျွန်တော်တို့ ဒီနေ့ပွဲစဉ်မှာ ပုံစံကောင်း မပျောက်ဆုံးခဲ့ဘူးဆိုတာ ရှင်းပါတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းတွေ ရှိခဲ့သလို အမှားတွေလည်း ရှိခဲ့ပါတယ်။ အဆုံးမှာတော့ လုံလောက်တဲ့ ကောင်းမွန်မှုမျိုး မဖြစ်လာခဲ့ပါဘူး။

အချက်အလက်တွေအရ ကျွန်တော်တို့မှာ နောက်တစ်ဆင့်တက်ရောက်နိုင်ရေး လုံလောက်တဲ့ ရမှတ်ပိုင်း မရှိခဲ့ပါဘူး။ အသင်းတစ်ခုအဖြစ် စိတ်ပျက်ရသလို နည်းပြအဖြစ်လည်း စိတ်ပျက်ရပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်တွေ့ဆုံချိန်မှာ ယူနိုက်တက်က မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်ခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အတွက် ကိုးမန်းရဲ့သွင်းဂိုးက ယူနိုက်တက်ရဲ့ အခုရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့် ပေးဂိုး ၁၅ ဂိုးမြောက် ဖြစ်လာပါတယ်။ ဒါကြောင့် ယူနိုက်တက်က ချန်ပီယံလိဂ်သမိုင်းတလျှောက် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ပေးဂိုးအများဆုံး အင်္ဂလိပ်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။