မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက အားနည်းချက်ကြီး ၂ ရပ်ကို ဖော်ထုတ် ထောက်ပြလိုက်တဲ့ လုခ်ရှော

မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောက သူ့ရဲ့အသင်းရဲ့ အဓိက လိုအပ်ချက်ကို ထောက်ပြ ပြောဆိုလာပါတယ်။

ယူနိုက်တက်ဟာ ပုံစံကောင်းကို ကြာရှည် ထိန်းသိမ်းနိုင်စွမ်း မရှိကြောင်းနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ရုန်းကန် နေရကြောင်း ရှောက မြင်နေပြီး လီဗာပူးနဲ့ပွဲမှာ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ရှိခဲ့သင့်တယ်လို့ ယူဆနေပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားက “ကျွန်တော်တို့က အခြေခံအချက်တစ်ခု ပျောက်ဆုံးနေပါတယ်။ အန်ဖီးလ်မှာပဲဖြစ်ဖြစ် အိုးလ်ထရက်ဖို့ဒ်မှာပဲဖြစ်ဖြစ်ပွဲစဉ်တိုင်းက တူညီနေရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့က တစ်စုံတစ်ခုပျောက်ဆုံးနေသလိုဖြစ်ပြီး အဲဒါက လိုက်လျောညီထွေဖြစ်မှု လို့ထင်ပါတယ်”

“ဥပမာအနေနဲ့ ကျွန်တော်တို့ဟာ ချဲလ်ဆီးနဲ့ပွဲမှာ အခုပွဲလိုပဲ ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘုန်းမောက်ကို ဝ-၃ နဲ့ ရှုံးတဲ့ပွဲမှာတော့ ကျွန်တော်တို့ ပုံစံကောင်းဆက်မရှိနေခဲ့ပါဘူး။ ကျွန်တော်တို့ဒါကို လက်မခံနိုင်ပါဘူး။ ဒါဟာ လျင်လျင်မြန်မြန်ပြောင်းလဲဖို့လိုအပ်နေတဲ့ အရာတစ်ခုဖြစ်ပြီး ဒီအတိုင်းဆက်သွားနေလို့မရပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်နဲ့ ဘိုင်ယန်မြူးနစ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်တိုက်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့ ယူနိုက်တက်အနေနဲ့ ယခုအခါမှာတော့ အန်ဖီးမှာ ယာဂင်ကလော့ပ်ရဲ့အသင်းကို လူမစုံတဲ့ကြားကနေ သရေ ရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာကြောင့် ယုံကြည်မှုပြန်လည် တိုးတက်လာနိုင်ပါတယ်။

ဒါ့အပြင် တန်ဟက်ရဲ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာမှာ အန်ဖီးလ်ကနေ ရမှတ်ရယူနိုင်ခဲ့တဲ့ ပထမဆုံး အသင်းဖြစ်လာခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ အဝေးကွင်းပွဲစဉ် အဖြစ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး နောက်အပတ် ထဲမှာတော့ ပုံစံကောင်း တောက်လျှောက်ပြသနေတဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ လက်ခံကစားကာ ၃ ရက် အကြာ မှာတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ ဆက်တိုက် ကစားသွားရမှာဖြစ်ပါတယ်။