ဂိုးသမား ခေါ်ခေါ်၊ တိုက်စစ်မှုး ခေါ်ခေါ် မန်ယူက ပိုထူးမလာတဲ့ အခြေအနေကို လက်ညှိုးထိုးလိုက်တဲ့ သရဲနီ တိုက်စစ်မှုးဟောင်းကြီး
မန်ချက်စတာ ယူနိုက်တက် ဟာ တနင်္ဂနွေနေ့တုန်းက အန်ဖီးလ်ကွင်းမှာ လီဗာပူးအသင်းကို ဝ-၀ ကန်နိုင်ခဲ့ပြီး သရေ ၁ မှတ် ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အသင်း ဂန္တဝင်ကြီးတွေကတော့ ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားနဲ့ ကစားသမား ခေါ်ယူမှုတွေကို ကျေနပ် အားရခြင်း မရှိဘဲ ဝေဖန်မှုတွေ ဆက်ရှိနေဆဲပါ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်ကလည်း ဘယ်လို ကစားသမား ခေါ်ခေါ် ထူးခြား မလာတဲ့ တန်ဟက်ရဲ့လူခေါ်ယူမှုကို ဝေဖန်ခဲ့ပါတယ်။
“ယူနိုက်တက်မှာ အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်တဲ့ ဒီဂီယာရှိနေခဲ့တာပါ။ ဒါပေမယ့် သူတို့အဲ့ဒီဂိုးသမားကို လက်လွှတ်ခဲ့ပါတယ်။ ကလပ်က ဆက်သွားခဲ့ပေမယ့် ဒီဂီယာမရှိတော့တဲ့နောက် မတိုးတက်လာပါဘူး။ ကစားသမား ခေါ်ယူမှုတွေကလည်း လိုအပ်ချက်တွေ ရှိနေပါတယ်။
လက်ရှိ လူစာရင်းကိုကြည့်လိုက်ချိန်မှာ ကစားသမားသစ်တွေက ပိုကောင်းအောင်လုပ်ပေးနိုင်တယ်လို့ မထင်ပါဘူး။ အဲ့ဒါက ဒီလိုမျိုးမဖြစ်သင့်တာပါ။ အသင်းက အပြောင်းအလဲတွေအများကြီးလုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အာရုံစိုက်မှုက မတိုးတက်လာပါဘူး။
ဒီအသင်းက အရင်အသင်းနဲ့အဆင့်အတူတူပဲဆိုတာကို ခံစားမိပါတယ်။ ဂိုးသမားပဲ ခေါ်ခေါ် ၊ တိုက်စစ်မှူးပဲ ခေါ်ခေါ် အတူတူပါပဲ။ အသင်းက အမှန်တကယ်ဆို ပိုကောင်းလာသင့်တာပါ”လို့ ယော့ခ်က ပြောကြားခဲ့ပါတယ်။
တန်ဟက် အားကိုးတကြီး ခေါ်ယူခဲ့တဲ့ ဂိုးသမား အိုနာနာ ဟာ အိုးထရက်ဖို့ဒ်မှာ ပြဿနာတွေနဲ့ စတင်ခဲ့ရပြီးနောက် ပရိသတ်တွေက အိုနာနာရဲ့လက်စွမ်းကို မယုံကြည်ကြပါဘူး။
လီဗာပူးနဲ့ ပွဲမှာ ဂိုး မပေးရသည့်တိုင် ယူနိုက်တက်ဂန္ထဝင်ဟောင်း ရွိုင်ကိန်းကလည်း ကင်မရွန်းသားရဲ့လက်စွမ်းကိုလည်း စိတ်ပျက်မိတယ်လို့ ဆိုခဲ့ပါတယ်။