နောက်ထပ် အိုနာနာ တစ်ယောက် ခေါ်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်၊ ဘာစီလိုနာကလည်း အပြိုင် ဝင်ပါနေ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ထပ် အိုနာနာ တစ်ယောက်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်း ထွက်လာပါတယ်။
အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ် ကစားသမား အာမာဒူ အိုနာနာကို ခေါ်ယူဖို့အတွက် မန်ယူ နဲ့ ဘာစီလိုနာ အသင်းတို့ဟာ အပြိုင်အဆိုင် ကြိုးပမ်းနေတယ်လို့ သတင်းထွက်လာခဲ့တာပါ။

အသက် (၂၂)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အိုနာနာဟာ ၂၀၂၂ခုနှစ်ကမှ လိုင်လီကနေ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး သူရဲ့ ပထမဆုံး ပွဲဦးထွက်ရာသီမှာပဲ အဲဗာတန် အတွက် အတော်လေး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အိုနာနာကို ပရီးမီးယားလိဂ် ယူနိုက်တက် ချယ်လ်ဆီးတို့အပြင် အခုဆိုရင် ဘာစီလိုနာအသင်းကပါ အပြိုင်စိတ်ဝင်စားလို့နေပြီး အဲဗာတန်ကလည်း သူတို့ကစားသမားကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။
ဒါပေမယ့် အဲဗာတန်က လတ်တလောမှာ ဘဏ္ဍာရေး ပြသာနာတွေနဲ့ ကြုံတွေ့နေရပြီး အမှတ်လျော့ ပြစ်ဒဏ်ပါ ချမှတ်ခံထားရလို့ အသင်းအနေနဲ့ ကစားသမားတချို့ကို ရှင်းထုတ်ရဖို့ ရှိနေပြီး အိုနာနာလို ကစားသမားကို ရောင်းချမယ်ဆိုရင် အသင်းဘဏ္ဍာရေးအတွက် အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေက အိုနာနာရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံပြီး အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းလိုပဲ ယူနိုက်တက်ကလည်း အသင်းကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ရှိနေပြီး ကက်စီမဲရိုးကို ရောင်းထုတ်ကာ အမ်မရာဘတ်ကိုလည်း ဖီအိုရင်တီးနားဆီ ပြန်လည် ပို့ဆောင်ဖို့ ရှိနေတာမို့ အိုနာနာ နောက်တစ်ဦးကို ခေါ်ယူဖွယ် ရှိနေပါတယ်။