မန်ယူနဲ့ စပါးတို့ ချိန်နေတဲ့ အသက် ၂ဝ ကျော်စ လူငယ်နောက်ခံလူလေးအတွက် မတန်တဆ ပြောင်းရွှေ့ကြေးကြီး သတ်မှတ်လိုက်တဲ့ အဲဗာတန်
မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ ပစ်မှတ် ထားခြင်း ခံနေရတဲ့ နောက်ခံ ကစားသမား ဂျာရတ် ဘရန့်ဝိတ် အတွက် အဲဗာတန်အသင်းက ပြောင်းရွှေ့ကြေးကြီး အဖြစ် ပေါင် သန်း(၁၀၀) လို့ ဈေးနှုန်း သတ်မှတ်လိုက်ပါတယ်။
အသက် (၂၁)နှစ်အရွယ်ရှိ ခံစစ်ကစားသမားလေး ဂျာရတ် ဘရန့်ဝိတ် ဟာ Carlisle United အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၂၀ ဇန်နဝါရီမှာပဲ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် ဂျာရတ် ဘရန့်ဝိတ် က အဲဗာတန်မှာ ပွဲကစားခွင့်တွေ အများအစား မရရှိနိုင်သေးပဲ ဘလက်ဘန်း နဲ့ PSV အသင်းတွေ ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။
လက်ရှိ ဘောလုံးရာသီမှာတော့ ဘရန့်ဝိတ် က အဲဗာတန်အတွက် ပွဲကစားခွင့်တွေ အတော်လေး ရရှိလာခဲ့ပြီး သူ့ကိုလည်း ကလပ်အသင်း တချို့က စိတ်ဝင်စားလာခဲ့ပါတယ်။
အင်္ဂလန် ယူ-၂၁ ကစားသမားလေး ဘရန့်ဝိတ် ဟာ ဘယ်ခြေအားသန်တဲ့ ဗဟိုခံစစ်မှူးတစ်ဦးဖြစ်ပြီး အရပ်အမောင်း လည်း (၆)ပေ (၅)လက်မအထိ မြင့်မားတဲ့ ကာယပိုင်း သန်မာတောင့်တင်းတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဒီကစားသမားလေးကို ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိနေကြတဲ့ မန်ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပြီး အဲဗာတန်ကတော့ သူတို့ ကစားသမားကို တခြားအသင်းတွေဆီ ရောင်းချသွားခြင်း မပြုချင်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာကမှ (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားတာဖြစ်လို့ မဖြစ်မနေသာ ရောင်းချရမယ်ဆိုရင်လည်း ဂျာရတ် ဘရန့်ဝိတ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း(၁၀၀)အထိ ဈေးနှုန်း သတ်မှတ်ထားတယ် လို့ သိရပါတယ်။