စနေနေ့ ဝက်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲမှာ မန်ယူ မနိုင်ဘူး လုပ်လာတဲ့ ဘာဘာတော့ဗ်ရဲ့ သုံးသပ် ခန့်မှန်းချက်
အဲရစ် တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။
ပွဲကစားမယ့် အချိန် ကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ၇ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ် ကတော့ ဒီပွဲက ဘယ်လို ရလဒ်ထွက်မလဲ ကြိုတင် ခန့်မှန်းချက် ထုတ်လာခဲ့ပါပြီ။

ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီပွဲက ရွေးရခက်တဲ့ ပွဲမျိုးပါ။ ဝက်စ်ဟမ်းက ခြေတက်နေတဲ့နေ့မှာ ခင်ဗျားကို အလွယ်တကူ အနိုင်ယူနိုင်သလို ခြေကျနေရင်လည်း ဖူလ်ဟမ်ကိုတောင် ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးတဲ့အသင်းပါ။
ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့အပတ် အန်ဖီးလ်ကွင်းမှာ ဂိုးမပေးခဲ့ရသလို သရေရလဒ်လည်း ရခဲ့တာကြောင့် အနည်းဆုံးတော့ ပျော်နေပါလိမ့်မယ်။ ဒါပေမယ့် ဝက်စ်ဟမ်းကွင်းက ကစားရခက်တဲ့ ကွင်းတွေထဲ ပါပါတယ်။
ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲကို သရေပွဲလို့ပဲ ခန့်မှန်းချင်ပါတယ်။
ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၁ မန်ယူ
ဒီပွဲ မတိုင်ခင် အမှတ်ပေးဇယားမှာတော့ မန်ချက်စတာ ယူနိုက်တက်က ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပြီး ဝက်စ်ဟမ်းက ၂၇ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေပါတယ်။